မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ် ပြန်ဖွင့်ခြင်းက ထိုင်း-မြန်မာ ကုန်သွယ်မှုကို မြင့်တက်စေနိုင်သော်လည်း သွင်းကုန်မူဝါဒအချို့ စိန်ခေါ်မှုရှိနေဆဲဖြစ်ဟု ထိုင်း DFT ဆို

(နိုင်ငံတကာ) ဇွန် ၁၇

     ​​ပြီးခဲ့သည့်နှစ် ဩဂုတ်လကတည်းက ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကတံခါးပေါက်ဖြစ်သော မြဝတီနယ်စပ်ဂိတ် (ဒုတိယ ထိုင်း-မြန်မာ ချစ် ကြည်ရေးတံတား၊ မဲဆောက်ခရိုင်)အား မြန်မာနိုင်ငံဘက်က ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ယင်းဖြစ်ရပ်သည် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုကို ပြန်လည်မြှင့်တင်ပေးနိုင်မည့် အလားအလာကောင်းတစ်ခု ဖြစ်လာကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန် သွယ်မှုဦးစီးဌာန (DFT) က သုံးသပ်ထုတ်ပြန်လိုက်သည်။

     ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန(DFT) ညွှန်ကြားရေးမှူး ချုပ် မစ္စ အာရာဒါ ဖွန်တွန် (Arada Fuangtong) က “ဒီလမ်း ကြောင်းဟာ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးဇုန်တွေဆီ ဦးတည်တဲ့ အဓိကအဝင်တံခါးပေါက်ဖြစ်လို့ အခုလို ပြန်ဖွင့်တာဟာ နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်ကောင်းမွန်တဲ့ အလား အလာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

​     သို့သော်လည်း ပို့ကုန်ရငွေပေါ် အခြေခံသည့် မြန်မာနိုင်ငံ၏ လက်ရှိ သွင်းကုန်လိုင်စင်စနစ် (Export Earning Matching System)ကြောင့် လိုင်စင်ခွင့်ပြုချက် လုပ်ငန်း စဉ်များ ပိုမိုအချိန်ကြာမြင့်နေခြင်းနှင့် ကုန်ပစ္စည်းအချို့အား တစ်ခုချင်းအလိုက် စိစစ်ခွင့်ပြုနေရခြင်းတို့သည် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း နယ်စပ်ကုန်သွယ်မှုကို ဆက်လက်ပုံဖော်မည့် အဓိကအချက်များ ဖြစ်နေဆဲ ဖြစ် သည်။

     “လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေက စတင်လျော့ပါးလာပြီ ဖြစ်ပေမဲ့ သွင်းကုန်စည်းမျဉ်းတွေ၊ နိုင်ငံ ခြားငွေလဲလှယ်မှု စီမံခန့်ခွဲမှုမူဝါဒတွေနဲ့ ပို့ကုန်ရငွေ ချိတ် ဆက်မှုစနစ်တွေဟာ မြန်မာ့ပုဂ္ဂလိကကဏ္ဍရဲ့ ဝယ်ယူနိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါတယ်” ဟု မစ္စ အာရာဒါက ဖြည့်စွက်ပြောကြားသည်။

​     စာရင်းဇယားများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုသည် ဘတ် ၆၀.၈ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယင်းအနက် ထိုင်းနိုင်ငံဘက်မှ မဲဆောက်နယ်စပ်ဂိတ်တစ်ခုတည်းမှ ကုန်သွယ်မှုမှာ ဘတ် ၁၈.၂ ဘီလီယံသာ ရှိခဲ့ပြီး ကာလတူထက် ၃၉.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ထိုင်းဘက်မှ ပို့ကုန် ၄၂.၅ ရာခိုင်နှုန်းနှင့် သွင်း ကုန် ၃၀.၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ခြင်း ဖြစ်သည်။

     ထို့ပြင် မဲဆောက်ခရိုင်အား အွန်လိုင်းငွေလိမ်လည်မှု (Scam)လုပ်ငန်းများ ကာကွယ်နှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သွင်းကုန်နှင့် ပို့ကုန်များအတွက် ကန့်သတ်ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထားသည့် အတွက် DFT အနေဖြင့် ကုန်သည်များအတွက် အဟန့်အတားများကို လျှော့ချပေးရန်နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN