ချင်းပြည်နယ် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများသို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်

(ပြည်တွင်း) မေ ၂၈

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပစ္စည်းများကို ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကလေးမြို့မှတစ်ဆင့် တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထူထောင်ရေးနှင့် လူသုံးကုန်ပစ္စည်းများ ပို့ဆောင်ပေးခဲ့ရာ ညနေပိုင်းတွင် တီးတိန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဒေသခံပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တွန်းဇံမြို့သို့ ပို့ဆောင်ရန်ကျန်ရှိသည့် ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပြီး ဒေသလိုအပ်ချက်များအပေါ်မူတည်၍ နိုင်ငံတော်အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများနှင့် သာသနာရေးဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သံများနှင့် လူသုံးကုန်ပစ္စည်းများကို နေပြည်တော်နှင့် မန္တလေးမြို့တို့မှ တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ မေ ၂၅ ရက်က ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပစ္စည်းများကို မေ ၂၆ ရက်တွင် ဖလမ်းမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ပြီး ယနေ့တွင်လည်း ကလေးမြို့၌ ကျန်ရှိသည့် ပစ္စည်းများကို တီးတိန်နှင့် တွန်းဇံမြို့များသို့ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။