(မှုခင်း) မေ ၂၈
မြန်မာနိုင်ငံအနေဖြင့် လူသားမျိုးနွယ်အပေါ် ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝအခြေချနိုင်ခြင်းမရှိစေရန် ရှာဖွေဖော်ထုတ်နှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသခံတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ကရင်ပြည်နယ်အတွင်းရှိ ရွှေကုက္ကိုလ် နယ်မြေနှင့် KK Park နယ်မြေများအတွင်းရှိ တရားမဝင်အဆောက်အအုံများအား ဝင်ရောက်ရှင်းလင်းခြင်း၊ သိမ်းဆည်းရမိပစ္စည်းများကို စနစ်တကျဖျက်ဆီးခြင်းနှင့် ထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုအရ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးကို စနစ်တကျခွဲခြားသတ်မှတ်၍ ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် ၄ ထပ်လူနေအဆောက်အအုံ ၃ လုံးကို ထပ်မံဖျက်ဆီးခဲ့ပြီး စုစုပေါင်း ၉ လုံးကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။ ဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၆၈ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ပြည်တွင်းအင်အားစုများသာမက အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်းညှိနှိုင်း၍ ထိရောက်စွာတားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။