
(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၂၀
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အင်္ဂါနေ့ညနေပိုင်းတွင် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ စစ်ပွဲများ၊ ပိတ်ဆို့အရေးယူမှုများနှင့် ပိုမိုပြိုကွဲပျက်စီးလာနေသော ကမ္ဘာ့အစီအစဉ်သစ်များကြားတွင် မော်စကိုနှင့် ပေကျင်းတို့သည် ပိုမိုနီးကပ်စွာ လက်တွဲလာကြခြင်း ဖြစ်သည်။
ပူတင်၏ ယခုခရီးစဉ်သည် တစ်နှစ်မပြည့်မီကာလအတွင်း ရှီကျင့်ဖျင်နှင့် ဒုတိယအကြိမ်မြောက် လူချင်းတွေ့ ဆုံသည့် ဆွေးနွေးပွဲဖြစ်ပြီး၊ ဆယ်စုနှစ်များစွာကြာ သဘော တရားရေးရာ ပြိုင်ဆိုင်မှုများနှင့် အပြန် အလှန် သံသယပွားမှုများအပြီး ရုရှားနှင့် တရုတ်အကြား ဆက်ဆံရေးကို တရားဝင်ဖြစ်စေခဲ့သည့် ၂၀၀၁ ခုနှစ် ‘အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်’ ၏ ၂၅ နှစ် မြောက် နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။
ယခုခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က တရုတ်မြို့တော် ပေကျင်းတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ပြီးနောက် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်အဖြစ်မှ ထွက်ခွာသွားခဲ့ပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
မော်စကိုနှင့် ပေကျင်း နှစ်ဦးစလုံးသည် ဝါရှင်တန်နှင့် ခက်ခဲရှုပ်ထွေးသော ဆက်ဆံရေးကို ဖြတ်သန်းနေရပြီး၊ ထရန့်၏ ခန့်မှန်းရခက်သော နိုင်ငံခြားရေးမူဝါဒသည် ရုရှားနှင့် တရုတ်တို့ကို ပိုမိုနီးကပ်လာစေရန် တွန်းအားပေးသည့် သက်ရောက်မှုရှိနေကြောင်း အကဲ ဖြတ်လေ့လာသူများက ဆိုကြသည်။
၎င်းတို့၏ နက်ရှိုင်းလာနေသော မိတ်ဖက်ဆက်ဆံရေးသည် ယူကရိန်းစစ်ပွဲ နောက်ခံကားချပ်၊ အီရန်အရေးနှင့်ပတ်သက်၍ မြင့်တက်လာနေသော တင်းမာ မှုများ၊ ကမ္ဘာ့စွမ်းအင်စျေးကွက်ကို တုန်လှုပ်စေခဲ့ပြီး ၎င်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုံခြုံရေးအပေါ် ပေကျင်း၏ စိုးရိမ်ပူပန်မှုများကို တစ်ကျော့ပြန် မြင့်တက်စေခဲ့သည့် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)မှတစ်ဆင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အဟန့်အတားဖြစ်မှုများ ကြုံတွေ့နေရချိန်တွင် ပေါ် ပေါက်လာခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် မဟာဗျူဟာမြောက် အရေးအပါဆုံးသော ရေလမ်းကြောင်းများအနက် တစ်ခုမှာ ခြိမ်း ခြောက်ခံနေရသဖြင့် တရုတ်နိုင်ငံသည် ယုံကြည်စိတ်ချရသော ကုန်းတွင်းပိုင်း စွမ်းအင်ပံ့ပိုးပေးသူအဖြစ် ရုရှားဘက်သို့ ပိုမိုလှည့်ပြောင်းလာခဲ့သည်။
ထရန့်နှင့် ပူတင်တို့ကို တစ်ပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံရန် ရှီကျင့်ဖျင်၏ ဆုံးဖြတ်ချက်သည် တိုက်ဆိုင်မှုမဟုတ်ဘဲ၊ ပိုမိုပြိုကွဲပြီး မတည်မငြိမ်ဖြစ်လာနေသော ကမ္ဘာ့အစီအစဉ်သစ်တွင် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချရသော သရုပ်ဆောင်တစ်ဦးအဖြစ် တရုတ်နိုင်ငံက ပုံဖော်ရန် ကြိုးပမ်းမှုကို ထင် ဟပ်နေခြင်းဖြစ်ကြောင်း အကဲဖြတ်သူများက ပြောကြားကြသည်။
ဆယ်စုနှစ်များအတွင်း တရုတ်-ရုရှား ဆက်ဆံရေး မည်သို့ ပြောင်းလဲခဲ့သလဲ ?
တရုတ်နှင့် ရုရှားတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ သမိုင်းကြောင်းများတွင် ရှုပ်ထွေးသော နေရာတစ်ခု၌ ကြာ မြင့်စွာ တည်ရှိခဲ့ဖူးသည်။ တစ်ချိန်က ကွန်မြူနစ်ဝါဒ သဘောတရားများနှင့် အနောက်အုပ်စု၏ အရင်းရှင်ဝါဒကို ပူးပေါင်းဆန့်ကျင်မှုများဖြင့် အတူတကွ ချိတ်ဆက်ခဲ့ကြသော်လည်း၊ ဆိုဗီယက်ယူနီယံနှင့် မော်စီတုန်း၏ တရုတ်နိုင်ငံတို့သည် နောက်ပိုင်းတွင် ပြင်း ထန်သော ပြိုင်ဘက်များ ဖြစ်လာခဲ့ကြပြီး ၎င်းတို့၏ ကီလိုမီတာ ၄,၃၀၀ (မိုင်ပေါင်း ၂,၆၇၀) ရှည်လျားသော နယ်စပ်တစ်လျှောက် တင်းမာမှုများသည် စစ်အေးတိုက်ပွဲကာလအတွင်း နိုင်ငံနှစ်ခုကို ပဋိပက္ခဖြစ်ပွားလုနီးပါးအခြေအနေသို့ ရောက်ရှိစေခဲ့သည်။
သို့သော်လည်း အဆိုပါ နယ်စပ်ဒေသသည် မလုံခြုံသော နယ်ခြားဒေသတစ်ခုအဖြစ်မှ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးဇုန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရှီကျင့်ဖျင်ရော ပူတင်ပါ ပြည်ပခရီးစဉ်များကို မကြာခဏ သွားရောက်လေ့ရှိသူများ မဟုတ်ကြပေ။ ပူတင်သည် ယူကရိန်းစစ်ပွဲကြောင့် အပြည်ပြည်ဆိုင် ရာ ရာဇဝတ်တရားရုံး(ICC)၏ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသူဖြစ်ပြီး၊ ရှီကျင့်ဖျင်သည်လည်း သေချာစွာ စီစဉ်ထားသည့် နိုင်ငံတော်အဆင့် ခရီးစဉ်များမှလွဲ၍ တရုတ်နိုင်ငံပြင်ပသို့ ထွက်ခွာလေ့ခဲသည်။ သို့သော် ခေါင်းဆောင်နှစ်ဦးစလုံးသည် အချင်းချင်းအကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် အမြောက်အမြား ရင်းနှီးမြှုပ်နှံထားကြသည်။
၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး “မိတ်ဆွေများ” ဟု အကြိမ်ကြိမ် ခေါ်ဆိုခဲ့ကြပြီး၊ အထူးသဖြင့် ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းကျူးကျော်မှုအပြီးတွင် ၎င်းတို့၏ ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ယင်းကျူးကျော်မှုကြောင့် မော်စကိုသည် နိုင်ငံတကာတွင် ပိုမိုအထီးကျန်ဖြစ်ခဲ့ရပြီး အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကြားတွင် ကရင်မလင်အနေဖြင့် ကုန် သွယ်ရေးအတွက် အရှေ့တောင်ဘက်(တရုတ်နိုင်ငံ) သို့ မျက်နှာမူရန် ဖိအားပေးခံခဲ့ရသည်။
“ရုရှားနဲ့ တရုတ်တို့ဟာ အနာဂတ်ကို ယုံကြည်မှုအပြည့်နဲ့ မျှော်ကြည့်နေကြပါတယ်” ဟု ခရီးစဉ်မတိုင်မီ ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည့် မှတ်ချက်များတွင် ပူတင်က ပြောကြားခဲ့သည်။
၎င်းက နိုင်ငံနှစ်ခုသည် “နိုင်ငံရေး၊ စီးပွားရေး၊ ကာ ကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို တက် တက်ကြွကြွ မြှင့်တင်နေကြသလို၊ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုတွေကို တိုးချဲ့ပြီး လူအချင်းချင်း ထိတွေ့ဆက်ဆံမှုကိုလည်း အားပေးမြှင့်တင်နေကြပါတယ်” ဟု ဆိုသည်။
“အနှစ်သာရအားဖြင့်တော့ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ သာယာဝ ပြောရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုကို မြှင့်တင်ပေးနိုင်ဖို့ အတူတကွပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်” ဟု ပူတင်က ဖြည့် စွက်ပြောကြားခဲ့သည်။
ရုရှားကအဘယ်ကြောင့် တရုတ်နိုင်ငံကို လိုအပ်နေသလဲ ?
ရုရှားနိုင်ငံ၏ စီးပွားရေးသည် စစ်တွင်းကာလစီးပွားရေး (Wartime footing)အဖြစ်သို့ ကူးပြောင်းသွားခဲ့ရချိန်တွင် တရုတ်နိုင်ငံသည် ရုရှားအတွက် စီးပွားရေးအရ အသက်သွေးကြောတစ်ခု ဖြစ်လာခဲ့သည်။ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုပမာ ဏသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆကျော် မြင့်တက်ခဲ့ပြီး ထိုနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၃၇ ဘီလီယံအထိ ရှိခဲ့သည်။

သို့သော်လည်း ယခုဆက်ဆံရေးသည် ညီမျှမှုမရှိပေ။ တရုတ်နိုင်ငံသည် ရုရှား၏ အကြီးမားဆုံး ကုန် သွယ်ဖက်နိုင်ငံ ဖြစ်နေသော်လည်း၊ ရုရှားသည် တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံတကာကုန်သွယ်မှုပမာဏတစ်ခုလုံး၏ ၄ ရာခိုင် နှုန်းခန့်သာ ရှိသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမှာလည်း များစွာ ပိုမိုကြီးမားလှသဖြင့် နှစ် ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများတွင် ပေကျင်းအစိုးရက သိသိသာသာ ပိုမိုအသာစီးရရှိထားသည်။
ယူကရိန်းကို ကျူးကျော်မှု စတင်ကတည်းက မော်စကိုသည် တရုတ်နိုင်ငံ၏ နည်းပညာနှင့် ကုန်ထုတ် လုပ်မှုအပေါ် ပိုမိုမှီခိုလာခဲ့ရသည်။ မကြာသေးမီက ထွက်ပေါ်ခဲ့သော ဘလွန်းဘတ်(Bloomberg) သတင်းဌာန၏ အစီရင်ခံစာတစ်ခုအရ ရုရှားသည် ပိတ်ဆို့အရေးယူခံထားရသည့် နည်းပညာတင်သွင်းမှုများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံထံမှ ရယူနေရခြင်းဖြစ်ပြီး၊ ယင်းတို့အထဲတွင် ဒရုန်းထုတ်လုပ်ရေးနှင့် အခြား ကာကွယ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော စစ်ဘက်ဆိုင်ရာနှင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး (Dual-use) အစိတ်အပိုင်းများ ပါဝင်နေ သည်။
ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဥရောပစျေးကွက်အများစုက မော်စကိုအပေါ် တံခါးပိတ်လိုက်ချိန်တွင် တရုတ်နိုင်ငံသည် ရုရှား၏ ရေနံနှင့် အခြားစွမ်း အင်ထုတ်ကုန်များကို အဓိကဝယ်ယူပေးသည့် အရေးပါသောနိုင်ငံ ဖြစ်လာခဲ့သည်။ အနောက်အုပ်စု၏ ပိတ် ဆို့အရေးယူမှုများကြောင့် ရုရှားတွင် ရွေးချယ်စရာ လမ်းစနည်းပါးနေချိန်၌ တရုတ်နိုင်ငံ၏ ကြီးမားလှသော ဝယ်လိုအားပမာဏကို အစားထိုးနိုင်မည့် အခြားလက်တွေ့ကျသော ရွေးချယ်စရာ ကရင်မလင်တွင် မရှိသလောက်ပင် ဖြစ်သည်။
ယခုကဲ့သို့ မညီမျှမှုများကြောင့် ပေကျင်းအစိုးရအနေ ဖြင့် ၎င်းတို့က အသာစီးရသည့် အနေအထားမှနေ၍ မကြာ ခဏ ညှိနှိုင်းနိုင်စွမ်းရှိနေပြီး၊ ရုရှား၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို လျှော့စျေးများဖြင့် ရယူနိုင်သလို မော်စကို ၏ စီးပွားရေးအနာဂတ်အပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကိုလည်း တိုးချဲ့နိုင်နေကြောင်း အကဲဖြတ်သူများက ဆိုကြသည်။
တရုတ်နိုင်ငံက ဘာကြောင့် ရုရှားကို လိုအပ်နေဆဲဖြစ်ရသလဲ ?
ယခုဆက်ဆံရေးသည် ညီမျှမှုမရှိဟုဆိုသော်လည်း တစ် ဖက်သတ်ဆန်နေခြင်းမျိုးတော့ မဟုတ်ပေ။ ရုရှားသည် မတည်မငြိမ်ဖြစ်နေသော ယနေ့ကမ္ဘာကြီးတွင် ပိုမိုတန်ဖိုးရှိလာသည့်အရာတစ်ခုကို ပေးစွမ်းနိုင်သည် – ယင်းမှာ ထိခိုက်လွယ်သော ရေကြောင်းကုန်သွယ် ရေးလမ်းကြောင်းများ၏ ပြင်ပ၌ရှိသော ကြီးမားလှသည့် စွမ်းအင်အရင်းအမြစ်များကို စိတ်ချရစွာ ရယူနိုင်ခွင့်ပင် ဖြစ်သည်။
အီရန်နိုင်ငံနှင့် ပတ်သက်၍ ဖြစ်ပွားနေသော စစ်ပွဲများနှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း လမ်းပန်းဆက်သွယ်ရေး အဟန့်အတားဖြစ်မှုများသည် ပေကျင်းအစိုးရ၏ စွမ်းအင်လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် အငြင်းပွားဖွယ်ရာ သင်္ဘောလမ်းကြောင်းများကို ဖြတ်သန်းရသည့် သွင်း ကုန် ရေနံနှင့် သဘာဝဓာတ်ငွေ့များအပေါ် များစွာမှီခိုနေရသောကြောင့် ဖြစ်သည်။
ယင်းအချက်က ကာလရှည်ကြာ ကြန့်ကြာနေခဲ့ပြီး ယခုအပတ်အတွင်း ဆွေးနွေးပွဲများတွင် အဓိကပါဝင်လာမည့် ‘ဆိုက်ဘေးရီးယားအင်အား-၂’ (Power of Siberia 2) ပိုက်လိုင်းအဆိုပြုချက်အပေါ် အာရုံစိုက်မှုကို တစ်ကျော့ပြန် မြင့်တက်စေခဲ့သည်။
အကယ်၍ ယခုပိုက်လိုင်း ပြီးစီးသွားပါက မွန်ဂိုလီးယားနိုင်ငံကို ဖြတ်ကျော်လျက် တရုတ်နိုင်ငံသို့ ရုရှား ၏ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅၀ ဘီလီယံကို နှစ်စဉ် ပို့ဆောင်ပေးနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား စွမ်းအင်စီးဆင်းမှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်မည် ဖြစ် သည်။
သို့သော် ၎င်းသည် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးသက် သက်ထက်မက ပိုမိုနက်ရှိုင်းသည်။ တရုတ်နိုင်ငံသည် ရုရှားကို မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးမိတ်ဖက်(Geopolitical partner) အဖြစ်လည်း တန်ဖိုးထားသည်။ နိုင်ငံနှစ်ခုစလုံးသည် ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး၊ အမေရိကန်က ဦးဆောင်သည့် မူဝါဒများကို ဆန့် ကျင်ကန့်ကွက်ရာတွင် သံတမန်ရေးအရ မကြာခဏ ရပ်တည်ချက် တူညီလေ့ရှိကြသည်။
တရုတ်နိုင်ငံသည် တင်းကျပ်သော စစ်ရေးမဟာ မိတ်အဖြစ် မော်စကိုနှင့် တရားဝင်မပတ်သက်မိစေရန် ဂရုတစိုက် ရှောင်ရှားနေသည်ဟု အကဲဖြတ်သူများက ဆိုသော်လည်း၊ နိုင်ငံနှစ်ခုသည် ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည့် “Joint Sea” ရေတပ်စစ်ရေးလေ့ကျင့်မှုများအပါအဝင် ပုံမှန်ပြုလုပ်လေ့ရှိသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများမှတစ်ဆင့် ၎င်းတို့၏ မိတ်ဖက်အဖြစ်ကို တဖြည်းဖြည်း ပိုမိုခိုင်မာအောင် လုပ်ဆောင်လာခဲ့ကြသည်။
လွန်ခဲ့သည့်နှစ်တွင်လည်း တရုတ်နှင့် ရုရှားတို့သည် ရုရှားဆိပ်ကမ်းမြို့ဖြစ်သော ဗလာဒီဗော့စတော့ခ် (Vladivostok)အနီးရှိ ဂျပန်ပင်လယ်ပြင်အတွင်း၌ ရေငုပ်သင်္ဘော ကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောဖျက်စစ်ဆင်ရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ဒုံးကျည်ကာကွယ်ရေးနှင့် ရေပြင်တိုက်ခိုက်ရေး လုပ်ငန်းများကို အဓိကထားသည့် ရေတပ်စစ်ရေးလေ့ကျင့်မှုအသစ်များကို ပြုလုပ်ခဲ့ကြသည်။ ယခုစစ်ရေးလေ့ ကျင့်မှုများသည် တရားဝင်မဟာ မိတ်ဖွဲ့ခြင်းမျိုးကဲ့သို့ အပြန်အလှန် ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ပြုထားခြင်း မရှိသော်လည်း၊ ပေကျင်းနှင့် မော်စကိုအကြား မဟာဗျူဟာမြောက် ရပ်တည်ချက်တူညီမှုကို ပြသရာရောက်ကြောင်း အကဲဖြတ်သူများက ဆို သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ယခုမိတ်ဖက်ဆက်ဆံရေး ၏ အားသာချက်မှာ လိုက်လျောညီထွေရှိမှု (Flexibility) ပေါ်တွင် တည်မှီနေခြင်း ဖြစ်သည်။
အနောက်အုပ်စုအစိုးရများက ယခုဆက်ဆံရေးကို အနောက်နိုင်ငံများကို ပူးပေါင်းဆန့်ကျင်လိုသည့် စိတ်ဆန္ဒတစ်ခုတည်းအပေါ်တွင်သာ အခြေခံထားပြီး ပျက် စီးလွယ်သည်ဟု မကြာခဏ ပုံဖော်လေ့ရှိသော်လည်း၊ အကဲဖြတ်သူများကမူ ၎င်းသည် သဘောတရားရေးရာ(Ideology) သက်သက်ထက် ပိုမိုခိုင်မာသည့် ဘုံစီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများပေါ်တွင် အခြေခံထားခြင်းကြောင့် ပိုမိုရေရှည်တည်တံ့ ခိုင်မြဲနိုင်ကြောင်း သုံးသပ်ထားကြသည်။
(Al Jazeera သတင်းဌာနမှ Caolán Magee ၏ Putin meets Xi: Why Russia and China need each other
သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါ သည်။)
#PutinMeetsXi #ChinaRussiaRelations #PowerOfSiberia2 #Geopolitics #EnergySecurity #WartimeEconomy #BreakingNews #PositiveAngleNews 🇨🇳🇷🇺
Telegram»…
https://t.me/positiveanglenews
#PAN