အီရန်၏ ၁၄ ချက်ပါ အဆိုပြုချက်ကို ထရန့် လေ့လာနေဟုဆို – အပြုအမူမလျော်ကန်ပါက စစ်ရေးအရ ပြန် လည်တိုက်ခိုက်မည်ဟု သတိပေး

(နိုင်ငံတကာ)မေ ၃

     ​​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံဘက်မှ တင်ပြလာသော ၁၄ ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်ကို လေ့လာနေသော်လည်း သဘောတူညီချက်ရရှိရန် ခက်ခဲနိုင်ကြောင်း ပြောကြားလိုက်ပြီး၊ အီရန်ဘက်မှ အပြုအမူမလျော်ကန်ပါက စစ်ရေးအရ ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ရန် အသင့်ရှိနေကြောင်း သတိပေးလိုက်သည်။

​     ဖလော်ရီဒါတွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ သမ္မတထရန့်က ၎င်းအနေဖြင့် အီရန်ထံမှ ပေးပို့လာသော ငြိမ်းချမ်းရေးအစီအစဉ်၏ မူဘောင်သဘော တရား(Concept)ကို သိရှိထားသော်လည်း တိကျသော စာသားအသုံးအနှုန်းများကို ဆက်လက်စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။ အီရန်က ပေးပို့လာသော အစီ အစဉ်တွင် အပြန်အလှန် ကျူးကျော်ခြင်းမပြုရန် အာမခံချက်ပေးရေး၊ ရေကြောင်းပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရေးနှင့် လက်ဘနွန်စစ်မျက်နှာအပါအဝင် “စစ်မျက်နှာအားလုံး” တွင် စစ်ပွဲကို အဆုံးသတ်ရေး စသည့်အချက်များ ပါဝင်သည်။

     “သူတို့က ကျွန်တော့်ကို သဘောတူညီချက်ရဲ့ အယူအဆပိုင်းကိုပဲ ပြောပြထားတာပါ။ အခု သူတို့က တိကျတဲ့ စာသားအသုံးအနှုန်းတွေကို ပေးပါလိမ့်မယ်။ ဒါပေမဲ့ သဘောတူညီချက်တစ်ခု ရနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

​     သမ္မတထရန့်က အီရန်၏ နောက်ဆက်တွဲ လုပ် ဆောင်ချက်များအပေါ် မူတည်၍ စစ်ရေးအရ တိုက် ခိုက်မှုများ ပြန်လည်စတင်နိုင်ကြောင်း ပြင်းပြင်း ထန်ထန် သတိပေးခဲ့သည်။ “အကယ်၍ သူတို့ဘက်က အပြုအမူမလျော်ကန်ခဲ့ရင်၊ ဒါမှမဟုတ် မကောင်းတာတစ်ခုခု လုပ်ခဲ့ရင်… ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာနိုင်ခြေကတော့ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် အီရန်သည် လက်ရှိတွင် စစ်ပွဲကြောင့် အင်အားအဆမတန် ချည့်နဲ့နေပြီဖြစ်၍ ၎င်းတို့ဘက်က သဘော တူညီချက်တစ်ခုကို အသည်းအသန် လိုလားနေခြင်းဖြစ်ကြောင်းလည်း ထရန့်က သုံးသပ်ခဲ့သည်။

​     တစ်ဖက်တွင်လည်း အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)က အမေရိကန်သည် မည်သည့်သဘောတူညီချက် သို့မဟုတ် စာချုပ်ကိုမျှ လိုက်နာခြင်းမရှိဟု စွပ်စွဲထားပြီး၊ စစ်ပွဲပြန်လည်စတင်ရန် အသင့်အနေ အထား (Standby)တွင် ရှိနေကြောင်း ကြေညာခဲ့သည်။ အမေရိကန်၏ လုပ်ဆောင်ချက်များကိုကြည့်လျှင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရန် “အလားအလာရှိနေသည်” ဟု IRGC က သတိပေးထားသည်။

     တစ်ချိန်တည်းမှာပင် အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ယာရွန်း (Yaroun) အရပ်အား ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကက်သလစ်ဘာသာရေးအဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်။ မတ်လ ၂ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ လက်ဘနွန်တွင် သေဆုံးသူပေါင်း ၂,၆၅၉ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။

​#Trump #IranWar #DealOrNoDeal #USMilitary #Israel #Lebanon #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN