ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး ၆ ဦးသေဆုံးကာ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာရ

(နိုင်ငံတကာ)မေ ၃

     ​​ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ နှစ် ရက်ဆက်တိုက် မိုးရွာသွန်းပြီးနောက် စနေနေ့တွင် ပါနမ်ဘူကို (Pernambuco) နှင့် ပါရိုင်ဘာ (Paraiba) ပြည် နယ်များ၌ သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

     ပါနမ်ဘူကိုပြည်နယ်၊ မြို့တော် ရယ်ဆီဖေး (Recife)တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကြောင်း အတည် ပြုခဲ့သည်။ အနီးနားရှိ အိုလင်ဒါ (Olinda) မြို့တွင်လည်း အခြားလူ ၂ ဦးသေဆုံးခဲ့သည်။ မုန်တိုင်းကြောင့် လူပေါင်း ၁,၅၀ဝ ခန့် အိုးအိမ်စွန့်ခွာခဲ့ရသည်။

     ပါရိုင်ဘာပြည်နယ်တွင်မူ မြို့တော် ဂျာအို ပီဆိုဝါ (Joao Pessoa) နှင့် ကမ်ပီနာ ဂရန်ဒီ (Campina Grande) မြို့တို့မှာ အဆိုးရွားဆုံး ထိခိုက်ခဲ့သည်။ ယင်းပြည်နယ်တွင် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး ၁,၅၀ဝ ခန့် အိုးအိမ်စွန့်ခွာခဲ့ရသည်။

     အန္တရာယ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အမျိုးသားဗဟိုဌာနက မိုးရွာသွန်းစဉ်အတွင်း အရေးပေါ်သတိပေးချက် ၂၂ ကြိမ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
​”ပါနမ်ဘူကိုနဲ့ ပါရိုင်ဘာပြည်နယ်တွေမှာ ထိခိုက်မှုတွေရှိနေတာကြောင့်ရော၊ ဒေသတွင်း မိုးလေဝသခန့်မှန်းချက်တွေကြောင့်ပါ လုပ်ငန်းဆောင်ရွက်မှုအဆင့်ကို အမြင့်ဆုံးသတိပေးချက်အထိ မြှင့်တင်ထားပါတယ်” ဟု ၎င်းဌာနက ဆိုသည်။

     စနေနေ့တွင် မိုးရွာသွန်းမှု လျော့ပါးသွား သော် လည်း ဆက်လက်သတိထားကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။ သမ္မတ လူဝီ အီနာစီယို လူလာ ဒါဆေးလ်ဗားကလည်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် စကား ပြောဆိုထားပြီး လိုအပ်သည့် အကူအညီများပေးရန် ကမ်းလှမ်းထားကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

     ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ ဘရာဇီးနိုင်ငံတွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းအပါအဝင် မိုးရွာသွန်းမှုကြောင့်ဖြစ်သော ဘေး အန္တရာယ်များသည် ၁၉၉၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သုံးဆခန့် မြင့်တက်လာကြောင်း သိရသည်။

     ဘရာဇီးနိုင်ငံတွင် ရေကြီးမြေပြိုမှုများကြောင့် ၂၀၂၄ ခုနှစ်က ရီယို ဂရန်ဒီ ဒိုဆူး (Rio Grande do Sul) ပြည်နယ်တွင် အနည်းဆုံး ၁၈၃ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၂ ခုနှစ်က ပတ်ထရိုပိုလစ် (Petropolis) မြို့တွင် ၂၃၃ ဦး သေဆုံးခဲ့ကာ ထိုနှစ်တွင်ပင် ရယ်ဆီဖေးမြို့၌ အနည်းဆုံး ၁၃၀ ဦး သေဆုံးခဲ့ဖူးသည့် သာဓကများ ရှိခဲ့သည်။

​#BrazilFloods #Recife #Pernambuco #NaturalDisaster #ClimateChange #LulaDaSilva #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN