မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆွေးနွေးမှုပြုလုပ်

(ပြည်တွင်း) မေ ၄

ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ယနေ့ မေ ၄ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းအောင်မြင့်၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင် (၈) ဦးတို့ တက်ရောက်ခဲ့ကြပြီး ကော်မတီလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကိုလည်း နံနက် ၁၀ နာရီတွင် လွှတ်တော်ရုံး ရေးရာကော်မတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့လည်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင် (၈) ဦး တက်ရောက်ခဲ့ကြပြီး မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။