(ပြည်တွင်း) ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း ၄၀ မဂ္ဂါဝပ်စီရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံကို ယနေ့ဖွင့်လှစ်ခဲ့ပြီး၊ နှစ်စဉ် ကီလိုဝပ်နာရီ သန်း ၂၀၂ သန်းထုတ်လုပ်ကာ အိမ်ထောင်စု ၁၃၀,၀၀၀ ကျော်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖွင့်လှစ်လိုက်သည့် စက်ရုံများမှာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် မိတ္ထီလာမြို့နယ်ရှိ သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တို့ဖြစ်ပြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ပုဂ္ဂလိကကုမ္ပဏီများက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က စက်ရုံကမ္ပည်းကျောက်စာတိုင်ကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်ရုံ Control Room နှင့် ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ယခုဖွင့်လှစ်သည့် နေရောင်ခြည်စွမ်းအင်စီမံကိန်း ၂ ခုမှ တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်း ၂၀၂ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အိမ်ထောင်စု ၁၃၀,၀၀၀ ကျော်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မည် ဟု ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိဆောင်ရွက်နေသည့် ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သည်လည်း မကြာမီပြီးစီးမည်ဖြစ်ပြီး၊ စီမံကိန်းများ အမြန်ပြီးစီးနိုင်ရန် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ဆိုသည်။
သို့သော် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများတွင် နှောင့်နှေးကြန့်ကြာမှုများ၊ ဓာတ်အားလိုင်းများ ပျက်စီးမှုများနှင့် ဖြန့်ဖြူးရေးပိုင်း အားနည်းချက်များကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ဝန်ကြီးက ဝန်ခံပြောကြားခဲ့သည်။
“ဓာတ်အားထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနဲ့ ဖြန့်ဖြူးရေးစနစ်တွေမှာ ရှိနေတဲ့ အားနည်းချက်တွေကို ရေတို၊ ရေရှည်အစီအမံတွေနဲ့ ပြုပြင်ဆောင်ရွက်သွားမယ်” ဟု ဦးကိုကိုလွင်က ပြောသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် တာဝန်ရှိသူများသည် စက်ရုံတည်ဆောက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုခဲ့ကြပြီး၊ ဓာတ်အားပေးစက်ရုံဧရိယာအတွင်း တပ်ဆင်ထားသည့် ဆိုလာပြားများ၏ လည်ပတ်နေမှုအခြေအနေကို သွားရောက်စစ်ဆေးခဲ့ကြသည်။
ထို့နောက် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်မှ ဆက်လက်တည်ဆောက်နေသော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၏ တည်ဆောက်ရေးအခြေအနေကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်တက်နေသည့်အချိန်၌ နေရောင်ခြည်စွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ တိုးချဲ့တည်ဆောက်နေခြင်းသည် ဓာတ်အားလိုအပ်ချက်ကို လျော့ပါးစေနိုင်မည်ဟု မျှော်လင့်ထားကြသော်လည်း၊ လက်ရှိ ဓာတ်အားပြတ်တောက်မှုပြဿနာကို အပြည့်အဝဖြေရှင်းနိုင်ရန်မှာ အချိန်ယူရဦးမည်ဖြစ်ကြောင်း စွမ်းအင်ကဏ္ဍ လေ့လာသူများက သုံးသပ်ထားသည်။