(ပြည်တွင်း) မေ ၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့ (၂) ရပ်ကွက်ရှိ မဟာအတုလမြတ်မုနိန်ရပ်တော်မူဘုရားကြီး ပရဝုဏ်အတွင်း ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နံနက် ၅ နာရီတွင် မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း (၄၈) ကျောင်းမှ ဆရာတော် သံဃာတော်များက ရပ်တော်မူဘုရားကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူခဲ့ပြီး မနက်အာရုံဆွမ်း ဘုန်းပေးခဲ့ကြသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် ရပ်တော်မူဘုရားကြီး တန်ဆောင်းတော်ကြီးအတွင်း၌ မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း (၉၀) ကျော်အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကြည်ကိုကို၊ ဦးစိန်မြင့်နှင့် ဦးဇော်ဝေထက်တို့အပါအဝင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

#PAN