(ပြည်တွင်း) ဧပြီ ၃၀

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် စားရေရိက္ခာဖူလုံမှုနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုမြင့်တက်လာနိုင်သဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံက တိုက်တွန်းပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသည့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ အထူးအစည်းအဝေးကို ယနေ့ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီနှင့် ဓာတ်မြေဩဇာရရှိမှုအခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် လာမည့် မိုးရာသီစိုက်ပျိုးထုတ်လုပ်မှုတွင် စက်သုံးဆီနှင့် ဓာတ်မြေဩဇာ လိုအပ်ချက်များကို ရင်ဆိုင်ရနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“လက်ရှိ နွေရာသီစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်လက်ကျန် စက်သုံးဆီနဲ့ ဓာတ်မြေဩဇာတွေကို အသုံးပြုနေတဲ့အတွက် ထုတ်လုပ်မှုအပေါ် ထိခိုက်မှု မများသေးပေမယ့် လာမယ့် မိုးရာသီမှာတော့ စိန်ခေါ်မှုတွေ ပိုများလာနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် စက်မှုလယ်ယာသုံးဆီများကို အရန်ထားရှိကာ တောင်သူများထံ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးရေးနှင့် အာဆီယံဒေသတွင်းနိုင်ငံများထံမှ စက်သုံးဆီအကူအညီရယူကာ ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားမည်ဟု ပြောသည်။
ထို့ပြင် ဓာတ်မြေဩဇာလိုအပ်ချက်များအတွက် အာဆီယံနိုင်ငံများအကြား မျှတစွာခွဲဝေပံ့ပိုးရေးနှင့် အော်ဂဲနစ်သဘာဝမြေဩဇာများ အစားထိုးအသုံးပြုနိုင်ရေးဆိုင်ရာ နည်းပညာဖြန့်ဝေမှုများကိုလည်း မြှင့်တင်ဆောင်ရွက်နေကြောင်း မြန်မာဘက်က တင်ပြခဲ့သည်။
ဒေသတွင်း စားရေရိက္ခာဖူလုံမှုကို ပိုမိုခိုင်မာစေရန်အတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာစနစ် မြှင့်တင်ရေး၊ သတင်းအချက်အလက်မျှဝေရေးနှင့် အာဆီယံကုန်သွယ်ရေးသဘောတူညီချက်အရ ပွင့်လင်းသော ကုန်သွယ်မှုဖော်ဆောင်ရေးတို့ကို မြန်မာနိုင်ငံက ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် “မိမိနိုင်ငံတစ်နိုင်ငံတည်းအတွက်သာမက အာဆီယံအသိုက်အဝန်းတစ်ခုလုံး စားရေရိက္ခာဖူလုံစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်” ဟု ပြည်ထောင်စုဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။
အဆိုပါ အထူးအစည်းအဝေးတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများနှင့် ပတ်သက်သည့် အဆင့်မြင့်အရာရှိများ၏ အစီရင်ခံစာကို ဆွေးနွေးခဲ့ကြပြီး၊ အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကိုလည်း အတည်ပြုခဲ့ကြသည်။
ယင်းအစည်းအဝေးကို အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာနိုင်သည့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ အန္တရာယ်များအပေါ် အာဆီယံနိုင်ငံများ၏ ညှိနှိုင်းတုံ့ပြန်နိုင်ရေး၊ လက်ရှိအခြေအနေများကို သုံးသပ်နိုင်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။