ကဆုန်လပြည့်နေ့အထိမ်းအမှတ် ကော့ကရိတ်တွင် ညောင်ရေသွန်းပွဲနှင့် ဘုရားကျောင်းပူဇော်ပွဲ ကျင်းပ

(ပြည်တွင်း) ဧပြီ ၃၀

၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့) ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ဘာသာရေးအထိမ်းအမှတ် အခမ်းအနားများကို ဒေသအဆင့် တာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

နံနက် ၇ နာရီခွဲအချိန်တွင် ကော့ကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းတိုက် သဒ္ဓမ္မနုဂ္ဂဟသဟပုညကာရီသာသနာ့ဗိမာန်တော်၌ ကျင်းပသည့် ဘာသာရေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက ဆရာတော် ဦးသီရိဓမ္မ အားဖူးမြော်ကာ ငါးပါးသီလ ဆောက်တည်ခဲ့ပြီး သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် နံနက် ၇ နာရီ ၅၅ မိနစ်တွင် တောင်ပေါ်ကျောင်းတိုက်ဝန်းအတွင်းရှိ ဗောဓီညောင်ပင်၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာသူများက ဗောဓီညောင်ပင်အား ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းခြင်းသည် ဗုဒ္ဓဘုရားရှင် ဗောဓိဉာဏ်ရရှိခဲ့သည့် ဗောဓီညောင်ပင်အား အမှတ်တရ ပူဇော်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် အစဉ်အလာတစ်ရပ်အဖြစ် ကျင်းပကြသည်။