သာပေါင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်နှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ပွဲပြုလုပ်

(ပြည်တွင်း) ဧပြီ ၂၉

သာပေါင်းမြို့နယ် တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်တွင် ဧပြီ ၂၉ ရက် နံနက် ၉ နာရီအချိန်၌ အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးကတ်ပြားများ ပြန်လည်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု (၆၆/၆) စာရင်းပြုလုပ်ပေးခြင်းနှင့် UID ကောက်ယူထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ လဝကဦးစီးမှူး ဦးမြင့်မြတ်ဇော်တို့က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး UID ကတ်ပြားများ ပေးအပ်ခြင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ယင်းနေ့ နံနက် ၈ နာရီအချိန်တွင် တောင်ကလေးကျေးရွာအုပ်စု ဆင်ကူးတန်းကျေးရွာရှိ လယ်မြေတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ မြို့နယ်စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူများအား ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များ ပေးအပ်ကာ လယ်မြေတွင် မျိုးစေ့ကြဲပက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#PAN