(မိုးဇလ) ဧပြီ ၂၉
Predictwind ICON Model ၏ ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အထိ ခန့်မှန်းချက်ဗီဒီယိုအရ လာမည့် ၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု နယ်ပယ်တဖြည်းဖြည်း ကျယ်ပြန့်လာနိုင်ပြီး လေစီးကြောင်းများ ပြောင်းလဲလာမှုကို ထင်ရှားစွာ တွေ့ရှိရကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ ခန့်မှန်းထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည်းကူးမြို့နယ်အပါအဝင် မြောက်ပိုင်းဒေသများတွင် ဧပြီ ၃၀ ရက်နှင့် မေလ ၁ ရက်တို့၌ မိုးတိမ်တိုက်များ ပိုမိုအားကောင်းလာနိုင်ပြီး ညနေပိုင်းနှင့် ညဦးပိုင်းအချိန်များတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ခြေ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ခန့်မှန်းထားသည်။
လှည်းကူးဒေသတွင် လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် ၆ မှ ၁၀ knots ခန့်ရှိသော်လည်း မိုးတိမ်တိုက်များ ဝင်ရောက်ချိန်တွင် လေပြင်း (Wind Gust) အနေဖြင့် ၂၅ မှ ၃၀ mph အထိ ရုတ်တရက် တိုက်ခတ်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဧပြီ ၃၀ ရက်မှစ၍ မေလဆန်းအထိ မိုးတိမ်တိုက်များ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး မေလ ၁ ရက်မှ ၃ ရက်အတွင်း မိုးအရှိန် ပိုမိုကောင်းလာနိုင်ကြောင်း သိရသည်။
မြစ်ဝကျွန်းပေါ်ဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ခြေ မြင့်မားနေသည်။
ပဲခူးတိုင်းဒေသကြီးတွင် မေလ ၁ ရက်နောက်ပိုင်းမှစ၍ မိုးအရှိန် တဖြည်းဖြည်းမြင့်တက်လာနိုင်ပြီး မေလ ၂ ရက်နောက်ပိုင်းတွင် မိုးရွာသွန်းမှု ပိုမိုစိပ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
ကရင်နှင့် မွန်ပြည်နယ်များတွင် မေလ ၃ ရက်မှ ၅ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးများအထိ ဖြစ်နိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် လေတိုက်နှုန်း ၁၅ knots အထက် ရှိနိုင်ကြောင်း သိရသည်။
လေစီးကြောင်းအခြေအနေအရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်မှ အနောက်တောင်နှင့် တောင်ဘက်လေများသည် မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက်နေပြီး မိုးသက်လေပြင်းဖြစ်ပေါ်နိုင်သည့် လက္ခဏာများကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
အဆိုပါခန့်မှန်းချက်အရ မေလဆန်းပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်း၌ မုတ်သုံအကြိုကာလ၏ လက္ခဏာများဖြစ်သည့် မိုးရွာသွန်းမှုတိုးလာခြင်းနှင့် လေတိုက်နှုန်းပြောင်းလဲလာခြင်းတို့ ထင်ရှားလာနိုင်ကြောင်း သုံးသပ်ထားပြီး မွန်နှင့် ကရင်ပြည်နယ်များတွင် မိုးလေပြင်းအန္တရာယ်များအတွက် ကြိုတင်သတိထားရန် လိုအပ်ကြောင်း အကြံပြုထားသည်။

#PAN