ထရန့်၏ မေလ ၁ ရက် နောက်ဆုံးရက်သတ်မှတ်ချက် – ထိုနောက်ပိုင်းတွင် အီရန်နှင့် စစ်ပွဲကို ဆက်လက်ဆင်နွှဲနိုင်ပါသလား

(နိုင်ငံတကာသတင်းဆောင်းပါး)ဧပြီ ၂၅

     သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးကြောင်း ကြေ ညာခဲ့စဉ်က ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် နောက် ဆုံးသတ်မှတ်ရက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ တီဟီရန် (အီရန်အစိုးရ) အပေါ် တစ်ပတ်နီးပါးကြာ ပိတ်ဆို့ထားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ထပ်ဆွေးနွေးပွဲများအတွက် အီရန်ဘက်မှ “အဆိုပြုချက်” ကို စောင့်ဆိုင်းသွားမည်ဟုသာ ရိုးရိုးရှင်းရှင်း ပြောကြားခဲ့သည်။

     သို့သော် ၎င်းအတွက် စိုးရိမ်ရသည့် အခြားသော နောက်ဆုံးသတ်မှတ်ရက်တစ်ခုမှာ အမေရိကန်ပြည် တွင်းရှိ လွှတ်တော်တွင် ရှိနေပါသည်။

     ထရန့်အနေဖြင့် “စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များ ဆုံး ဖြတ်ချက်” (War Powers Resolution သို့မဟုတ် War Powers Act) အရ လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန် မေလ ၁ ရက်နေ့အထိသာ အချိန်ရှိသည်။ အဆိုပါဥပဒေအရ ဆက်လက်ဖြစ်ပွားနေသော ပဋိ ပက္ခတစ်ခုတွင် စစ်အင်အားဖြန့်ကျက်မှုများကို ရက်ပေါင်း ၆၀ ကျော်လွန်ပါက (ဆက်လက်လုပ်ဆောင်ရန် သီးခြားခွင့်ပြုချက် မရရှိလျှင်) ကန့်သတ်ရမည်ဟု ပြဌာန်းထားသည်။

     ဤခွင့်ပြုချက်ရရှိရန်အတွက် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးက ရက်ပေါင်း ၆၀ သတ်မှတ်ချက်အတွင်း ရိုးရှင်းသော ထောက်ခံမဲအများစုဖြင့် ပူးတွဲဆုံးဖြတ်ချက်တစ်ရပ်ကို အတည် ပြုရမည်ဖြစ်သည်။ ယခုအချိန်အထိမူ ထိုသို့အတည် ပြုနိုင်ခြင်း မရှိသေးပေ။

     သို့သော်လည်း ယခင်သမ္မတများသည် စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် အခြားသော လုပ်ပိုင်ခွင့်အရင်းအမြစ်များကို အခြေခံအဖြစ် အသုံးပြုကာ ဤအက်ဥပဒေကို ကျော်လွှားခဲ့ဖူးသည့် သာဓကများ ရှိခဲ့ပါသည်။

War Powers Act ဆိုသည်မှာ အဘယ်နည်း

     ၁၉၇၃ ခုနှစ်တွင် ပြဌာန်းခဲ့သော ဤဖက်ဒရယ်ဥပဒေသည် အမေရိကန်သမ္မတတစ်ဦးအနေဖြင့် နိုင်ငံအား ပြည်ပလက်နက်ကိုင်ပဋိပက္ခများအတွင်း ပါဝင်ပတ် သက်စေနိုင်သည့် လုပ်ပိုင်ခွင့်အာဏာကို ကန့် သတ်ရန် ရည်ရွယ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ဆုံးဖြတ်ချက်အရ သမ္မတသည် စစ်ရေးအရေးယူမှု စတင်ပြီး ၄၈ နာရီအတွင်း လွှတ်တော်သို့ အကြောင်းကြားရမည်ဖြစ်ပြီး၊ စစ်အင်အားဖြန့်ကျက်မှုများကို ရက်ပေါင်း ၆၀ သာ ထိန်းသိမ်းထားခွင့်ရှိသည်။ လွှတ်တော်က ရက်ပေါင်း ၃၀ သက်တမ်းတိုးခွင့် တစ်ကြိမ်ပေးအပ်ခြင်း သို့မဟုတ် ကာလရှည် ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုချက်တစ်ရပ် အတည်ပြုပေးခြင်းမျိုး မရှိပါက စစ်အင်အားကို ဆက်လက်ထားရှိခွင့် မရှိပေ။

     ကော်လိုရာဒို ဥပဒေကျောင်းမှ ဥပဒေပါရဂူ မာရီယမ် ဂျမ်ရှီဒီ (Maryam Jamshidi) က သမ္မတအနေဖြင့် ရက်ပေါင်း ၆၀ သတ်မှတ်ချက်ကို ရက် ၃၀ ထပ်မံတိုးမြှင့်လိုပါက လက်နက်ကိုင်အင်အားကို ဆက်လက်အသုံးပြုရခြင်းမှာ “မလွှဲမရှောင်သာသော စစ်ရေးလိုအပ်ချက်” ကြောင့်ဖြစ်ကြောင်း လွှတ်တော်သို့ စာဖြင့်ရေးသား အတည်ပြုပေးရမည်ဟု ဆိုသည်။

     “ဒီ ရက်ပေါင်း ၉၀ ကာလ ကျော်လွန်သွားတဲ့အထိ လွှတ်တော်က စစ်ကြေညာတာမျိုး ဒါမှမဟုတ် စစ်ရေးအရ ဆက်လက်ဆောင်ရွက်ဖို့ ခွင့်ပြုတာမျိုး မရှိဘူးဆိုရင် သမ္မတအနေနဲ့ အမေရိကန်စစ်တပ် ဖြန့်ကျက်ထားမှုတွေကို ရပ်စဲရမှာ ဖြစ်ပါတယ်”

     သို့သော်လည်း သူမက “လွှတ်တော်အနေနဲ့ သမ္မတကို အဆိုပါ ရပ်စဲရေးသတ်မှတ်ချက်အတိုင်း လိုက်နာဖို့ အောင်အောင်မြင်မြင် ဖိအားပေးနိုင်တဲ့ ရှင်းလင်းတဲ့ ဥပဒေကြောင်းအရ နည်းလမ်းမရှိပါဘူး။ အမှန်တကယ်တော့ ယခင်သမ္မတတွေဟာ War Powers Act ရဲ့ ဒီအပိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ အကြောင်းပြပြီး လိုက်နာဖို့ ငြင်းဆန်ခဲ့ကြဖူးပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

လွှတ်တော်ထံမှ စစ်ရေးခွင့်ပြုချက်ကို ထရန့် ရရှိနိုင်ခြေ ရှိပါသလား

     လက်ရှိအခြေအနေအရ အမေရိကန်လွှတ်တော်အတွင်း ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်တို့အကြား သဘောထားကွဲလွဲမှုများ ပြင်းထန်နေသောကြောင့် အီရန်အပေါ် စစ်ရေးအရ ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်က ခွင့်ပြုချက်ပေး၊ မပေးဆိုသည်မှာ အလွန်ပင် မရေမရာဖြစ်နေသည်။

     ဧပြီလ ၁၅ ရက်နေ့က “စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်များ ဆုံးဖြတ်ချက်” (War Powers Resolution)ကို အသုံး ပြု၍ ထရန့်၏ စစ်ဆင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် အထက်လွှတ်တော်တွင် စတုတ္ထအကြိမ်မြောက် ကြိုးပမ်းခဲ့သော်လည်း ၅၂ မဲ – ၄၇ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။ လွှတ်တော်အမတ်များသည် ၎င်းတို့၏ ပါတီရပ်တည်ချက်အတိုင်းသာ အပြတ်အသတ် မဲပေးခဲ့ကြခြင်းဖြစ်သည်။

     ဒီမိုကရက်အမတ် ခရစ်မာဖီ (Chris Murphy) က “တစ်ပတ်ကို ဒေါ်လာဘီလီယံနဲ့ချီ ကုန်ကျနေတဲ့ စစ်ပွဲတစ်ခုအပေါ်မှာ ကျွန်တော်တို့ရဲ့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင်ပိုင်းက ဘယ်လိုကြီး ကြပ်ကွပ်ကဲမှုမျိုးမှ မလုပ်ဖို့ ငြင်းဆန်နေတာဟာ ဘယ် လောက်တောင် ထူးဆန်းသလဲဆိုတာကို ကျွန်တော်တို့ သတိမမူဘဲ မနေသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။
​လွှတ်တော်ရှိ ရီပတ်ဘလစ်ကန် အမတ်အများစုမှာ War Powers Resolution က သတ်မှတ်ပေးထားသည့် ရက်ပေါင်း ၆၀ အတွင်း သမ္မတ၏ လုပ်ဆောင်ချက်များကို ဝင်ရောက်စွက်ဖက်ရန် ငြင်းဆန်ထားကြသော် လည်း၊ ယင်းကာလကျော်လွန်ပါက လွှတ်တော်၏ အတည်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြသည်။

     ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်ကာတစ် (John Curtis) က မကြာသေးမီကပင် “အမေရိကန်တွေရဲ့ အသက်အိုးအိမ်နဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သမ္မတရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော် ထောက်ခံပါတယ်။ ဒါပေမဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ ရက်ပေါင်း ၆၀ ကျော်လွန်ပြီး ဆက်လုပ်မယ့် စစ်ရေးအရေးယူမှုတွေကိုတော့ ကျွန်တော် ထောက်ခံမှာမဟုတ်ပါဘူး။ ဒီရပ်တည်ချက်ကို ကျွန်တော် ယူရတာက သမိုင်းကြောင်းအရရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရပါ အကြောင်းရင်း နှစ်ခုရှိပါတယ်” ဟု ရေးသားခဲ့သည်။

     “ဥပဒေအရဆိုရင် ကျွန်တော်တို့က စစ်ဆင်ရေးတွေကို ဆက်လုပ်ဖို့ အတည်ပြုပေးရမယ်၊ ဒါမှမဟုတ် ရပ် တန့်ရပါမယ်” ဟု ရီပတ်ဘလစ်ကန် အောက်လွှတ် တော်အမတ် ဒွန်ဘေကွန် (Don Bacon) က အမေရိကန်မီဒီယာများကို ပြောကြားခဲ့သည်။ “အကယ်၍ အတည်မပြုဘူးဆိုရင် ဥပဒေအရ သူတို့ရဲ့ စစ်ဆင် ရေးတွေကို ရပ် တန့်ရမှာဖြစ်ပါတယ်”

     ယခုအချိန်အထိ အီရန်အပေါ် ထရန့်၏ လုပ်ဆောင် ချက်များကို အခိုင်အမာ ထောက်ခံလာခဲ့ကြသည့် ရီပတ်ဘလစ်ကန်အချို့မှာလည်း စစ်ပွဲကာလ ရှည်ကြာလာနိုင်သည့် အလားအလာအပေါ် စိုးရိမ်မကင်း ဖြစ် လာကြသဖြင့် လွှတ်တော်တစ်ခုလုံး၏ အတည်ပြုချက်ရရှိရန် အခက်အခဲရှိနေသည်။ ၎င်းတို့သည် သမ္မတ၏ စစ်ရေးအမိန့်ပေးပိုင်ခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းမှုများကို ယခုအချိန်အထိ ဟန့်တားပေးထားကြသော်လည်း၊ စစ်ပွဲသည် ရက်ပေါင်း ၆၀ ထက် ကျော်လွန်သွားနိုင်သည့် အခြေအနေမျိုးတွင် ၎င်းတို့၏ မဲပေးမှုမှာ ပြောင်းလဲသွားနိုင်ကြောင်း အချို့က ဆိုကြပါသည်။

စစ်မီးများ အမှန်တကယ် ငြိမ်းသွားပြီလား

     အမေရိကန်အစိုးရနှင့် အီရန်ဘက်က ဧပြီလ ၈ ရက်နေ့တွင် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေ ညာခဲ့ပြီးနောက်၊ ယခုသီတင်းပတ် အင်္ဂါနေ့တွင်လည်း သမ္မတထရန့်က တစ်ဖက်သတ် သက်တမ်းတိုးကြောင်း ထပ်မံကြေညာခဲ့သည်။ သို့သော်လည်း စစ်ရေးအရ ဖိအားပေးမှုများမှာမူ အထူးသဖြင့် ပင်လယ်ပြင်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

     ဧပြီလ ၁၃ ရက်နေ့တွင် ဝါရှင်တန်က အီရန်ဆိပ် ကမ်းအားလုံးကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။

     အီရန်ဘက်ကလည်း နှစ်ရက်အကြာတွင် ဟော်မုဇ်ရေလက်ကြား၌ နိုင်ငံခြားကုန်တင်သင်္ဘော နှစ်စင်းကို ဖမ်းဆီးပြီး အီရန်ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းကာ တုံ့ပြန်ခဲ့သည်။ ဗုဒ္ဓဟူးနေ့က Reuters သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်စစ်တပ်သည် အာရှရေပြင်အတွင်းရှိ အီရန်အလံလွှင့်ထူထားသော ဆီတင်သင်္ဘော အနည်းဆုံး သုံးစင်းကို ကြားဖြတ်တားဆီးခဲ့ပြီး အိန္ဒိယ၊ မလေးရှားနှင့် သီရိလင်္ကာနိုင်ငံများအနီးရှိ ၎င်းတို့၏ မူလတည်နေရာများမှ လမ်းကြောင်းလွှဲပစ်ခဲ့ကြောင်း သိရသည်။

မေလ ၁ ရက် နောက်ဆုံးရက်ကျော်လွန်ပါက ထရန့်သည် စစ်ပွဲကို ဆက်လက်ဆင်နွှဲမည်လား

     အမေရိကန်နိုင်ငံ၊ Bowdoin College မှ သမိုင်းပါရဂူ ဆာလာ မိုဟန်ဒေစီ (Salar Mohendesi) က ဤစစ်ပွဲသည် ထရန့်အတွက် “ဆိုးရွားလွန်းလှသည်” ဟု ဆိုသည်။ အမေရိကန်ပြည်သူအများစုက ဤစစ်ပွဲကို ဆန့်ကျင်ကြောင်း လူထုစစ်တမ်းများက တစိုက်မတ် မတ် ပြသနေသော်လည်း ထရန့်အနေဖြင့် စစ်ပွဲကို ပုံစံတစ်မျိုးမျိုးဖြင့် ဆက်လက်လုပ်ဆောင်သွားဖွယ် ရှိနေသည်။

     “သူ့ရဲ့ ပုံရိပ်တစ်ခုလုံးက ‘အနိုင်ရရှိမှု’ အပေါ်မှာပဲ အခြေခံထားတာပါ။ အီရန်ဆီကနေ ပိုကောင်းတဲ့ သဘောတူညီချက်တစ်ခု ရအောင်လုပ်နိုင်မယ်လို့ သူက အမေရိကန်ပြည်သူတွေကို ပြောခဲ့သလို၊ စစ်ပွဲထဲမှာ ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့လည်း သူက ကတိပေးခဲ့ဖူးပါတယ်။ အခုတော့ သူ့ရဲ့ပါတီဟာ သမိုင်းတစ် လျှောက် လူကြိုက်အနည်းဆုံး စစ်ပွဲတစ်ခုကြားမှာ ကြားဖြတ်ရွေးကောက်ပွဲကို ရင်ဆိုင်ရတော့မှာပါ” ဟု မိုဟန်ဒေစီက Al Jazeera သို့ ပြောကြားခဲ့သည်။

     “ထရန့်အနေနဲ့ အခုအချိန်မှာ စစ်ပွဲကနေ နောက် ဆုတ်ပြီး အထိနာနေတာကို ကုစားလို့ရပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ‘ရှုံးနိမ့်မှုကို လက်ခံလိုက်တာ’ ပဲ ဖြစ်ပါလိမ့်မယ်။ သူက လောင်းကစားသမားတစ်ယောက်လိုပါပဲ၊ ဒါကြောင့် နောက်ပိုင်းမှာ တစ်နည်းနည်းနဲ့ အောင်ပွဲ ရနိုးနဲ့ စစ်ရေးအရှိန်ကို ပိုမြှင့်ဖို့ လုပ်ဆောင်လာနိုင်ခြေ အများကြီးရှိပါတယ်”

     ပညာရှင်များ မေးခွန်းထုတ်နေကြသည်မှာ ထရန့်သည် စစ်ပွဲကို မည်သည့်ပုံစံဖြင့် ဆက်လက်ဆင်နွှဲမည်နည်းနှင့် လိုအပ်လာပါက အမေရိကန်လွှတ်တော်ကို မည်သို့ကျော်လွှားရန် ကြိုးပမ်းမည်နည်း ဆိုသည့်အချက်ပင် ဖြစ်ပါသည်။

လွှတ်တော်၏ ခွင့်ပြုချက်ကို ထရန့် ကျော်လွှားနိုင်မည့် နည်းလမ်းများ ရှိပါသလား

    “စစ်ရေးအင်အား အသုံးပြုခွင့် အာဏာကုန်လွှဲအပ်ခြင်း” (Authorization for Use of Military Force – AUMF) သည် သမ္မတအား သတ်မှတ်ထားသော ရည်မှန်းချက်များအတွက် အင်အားသုံးရန် လုပ်ပိုင်ခွင့်ပေးထားသဖြင့် စစ်ဆင်ရေးများကို ဆက်လက်လုပ် ဆောင်ရန် အခြားသော ဥပဒေကြောင်းအရ အခြေခံတစ်ခု ဖြစ်လာနိုင်ပါသည်။

     ယင်းကို စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး ၂၀၀၁ ခုနှစ်တွင် “အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ” ဆင်နွှဲရန် ပထမဆုံး အတည်ပြုခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် ဆဒ္ဒမ်ဟူစိန်ကို ဖယ်ရှားရန်နှင့် ၂၀၀၃ ခုနှစ် အီရတ်ကျူး ကျော်စစ်အတွက် ထပ်မံအတည်ပြုခဲ့သည်။ ဤလုပ်ပိုင်ခွင့်များကို ဆက်ခံသည့် အစိုးရအဖွဲ့အသီးသီးက စစ်ရေးအရေးယူမှု အမျိုးမျိုးအတွက် အကြောင်း ပြချက်အဖြစ် အသုံးပြုခဲ့ကြသည်။

     ထရန့်သည် ၎င်း၏ ပထမသက်တမ်း ၂၀၂၀ ပြည့်နှစ်တွင် ဘဂ္ဂဒက်မြို့၌ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမနီ (Qassem Soleimani) ကို လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးရာ၌ ၂၀၀၂ ခုနှစ် AUMF ကို အသုံးပြုခဲ့သည်။

     ၂၀၁၅ ခုနှစ် AUMF ဆိုင်ရာ လွှတ်တော်အစီရင်ခံစာတစ်ခုအရ သမ္မတဟောင်း ဘားရတ်အိုဘားမားသည် အာဖဂန်နစ္စတန်ရှိ စစ်ဆင်ရေးများအတွက်သာမက “ISIL အဖွဲ့ကို တိုက်ခိုက်ရန်နှင့် အကယ်၍ အစ္စလာမ္မစ်နိုင်ငံတော် (IS) သို့မဟုတ် အယ်လ်ကိုင်းဒါးအဖွဲ့ဝင်များက ၎င်းတို့၏ နယ်ပယ်ကို ချဲ့ထွင်ပြီး အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာပါက အခြားနိုင်ငံများသို့ပါ စစ်ဆင်ရေးချဲ့ထွင်ရန်” အတွက် ၂၀၀၁ ခုနှစ် AUMF ကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။
​အိုဘားမားအစိုးရက ၂၀၁၄ ခုနှစ်တွင် ဆီးရီးယားသို့ အမေရိကန်တပ်ဖွဲ့များ ပထမဆုံး စေလွှတ်စဉ်က ISIL ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများသည် ဤလုပ်ပိုင် ခွင့်အောက်တွင် အကျုံးဝင်သည်ဟု ဆိုခဲ့သည်။

အခြား အမေရိကန်သမ္မတများသည် လွှတ်တော်ကို မည်သို့ကျော်လွှားခဲ့ကြသနည်း

     လက်တွေ့တွင် ၁၉၇၃ ခုနှစ်မှစ၍ သမ္မတများသည် လွှတ်တော်၏ တိကျသောခွင့်ပြုချက်မပါဘဲ စစ်ရေးစစ်ဆင်ရေးများကို မကြာခဏ လုပ်ဆောင်ခဲ့ကြသည်။
​သမ္မတ ဘီလ်ကလင်တန်သည် ၎င်း၏ သက်တမ်း ၈ နှစ်အတွင်း အီရတ်နှင့် ဆိုမာလီယာတို့အပါအဝင် နေရာအနှံ့အပြားသို့ အမေရိကန်တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။

     ၁၉၉၉ ခုနှစ် မတ်လတွင် ကလင်တန်သည် ကိုဆိုဗိုရှိ အယ်လ်ဘေးနီးယားလူမျိုးများအပေါ် ဆားဘီးယားတို့၏ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်အတွက် လွှတ်တော်ခွင့်ပြုချက်မယူဘဲ ယူဂိုဆလားဗီးယားဟောင်းသို့ အမေရိကန်တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။
​လွှတ်တော်အမတ် တုမ်ကမ်းဘဲလ် (Tom Campbell) နှင့် အခြား ၁၇ ဦးတို့က ကလင်တန်အနေဖြင့် War Powers Act အရ လွှတ်တော်ခွင့်ပြုချက်မရဘဲ စစ်ပွဲကို ဆက်မလုပ်နိုင်ကြောင်း တရားစွဲဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယူဂိုဆလားဗီးယားရှိ စစ်ဆင်ရေးမှာ ၇၉ ရက်ကြာမြင့်ခဲ့သည်။

     ၂၀၁၁ ခုနှစ် မတ်လမှ ဇွန်လအထိ လစ်ဗျားရှိ အမေရိကန်စစ်ဆင်ရေးအတွင်း အိုဘားမားအစိုးရက ထိုမစ်ရှင်သည် War Powers Resolution အောက်ရှိ “ရန်လိုသော တိုက်ခိုက်မှုများ” (hostilities) ဟူသော ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီကြောင်း ငြင်းဆိုခဲ့သည်။

     ရလဒ်အနေဖြင့် အဆိုပါစစ်ဆင်ရေးသည် “ရန်သူ့တပ်ဖွဲ့များနှင့် တိုက်ရိုက်အပြန်အလှန် ပစ်ခတ်မှုများ” မပါဝင်သောကြောင့် လစ်ဗျားစစ်ဆင်ရေးကို ဆက် လက်လုပ်ဆောင်ရန် လွှတ်တော်ထံမှ တိကျသောခွင့်ပြုချက်ရယူရန် မလိုအပ်ကြောင်း အစိုးရအဖွဲ့က တုံ့ပြန်ခဲ့ပါ သည်။
(Al Jazeera သတင်းဌာနမှ Trump’s May 1 deadline: Can he continue war on Iran after that? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

​#TrumpDeadline #WarPowersAct #IranConflict #USCongress #InternationalPolitics #BreakingNews #PositiveAngleNews #MiddleEastTension

Telegram»…
https://t.me/positiveanglenews

#PAN