


(ပြည်တွင်း) ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ယမန်နေ့ ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ အမှာစကားပြောကြားကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် ထိခိုက်ပျက်စီးမှုအခြေအနေများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးတင်ကိုကိုက သဘာဝဘေးအန္တရာယ်များသည် ကြိုတင်ခန့်မှန်းရန်ခက်ခဲသဖြင့် ပြည်သူများအနေဖြင့် လေဘေး၊ ရေဘေး၊ မီးဘေးနှင့် ငလျင်ဘေးတို့အပေါ် ကြိုတင်ကာကွယ်ရေးနှင့် အလျင်အမြန်တုံ့ပြန်နိုင်ရေး လေ့ကျင့်ထားရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ထောက်ပံ့မှုအနေဖြင့် စလင်းမြို့နယ်အတွင်း လုံးဝပျက်စီးသည့် လူနေအိမ် ၄၈ လုံးနှင့် တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးသည့် နေအိမ် ၂၃၈ လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၆,၇၀၀,၀၀၀၊ လေဘေးသင့်ပြည်သူ ၇၈၇ ဦးအတွက် နှစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၃,၉၃၅,၀၀၀၊ ဒဏ်ရာရသူ (၁) ဦးအတွက် ကျပ် ၅၀,၀၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၀,၆၈၅,၀၀၀ နှင့် တန်ဖိုးငွေ ၅,၀၆၈,၅၄၄ ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးကို အိမ်ထောင်စု ၄၈ စုထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
စုစုပေါင်း ထောက်ပံ့မှုတန်ဖိုးမှာ ကျပ် ၂၅,၈၅၃,၅၄၄ ဖြစ်ကြောင်း သိရပြီး ထို့ပြင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် ထိခိုက်ပျက်စီးမှုများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့အပြင် ဒေသခံတောင်သူများ နွေစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို လယ်ယာလုပ်ငန်းခွင်အရောက် အထူးသက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုကိုလည်း ကြည့်ရှုအားပေးကာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။