
(မှုခင်း) ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကမ်းနီကျေးရွာအနီးရှိတဲအိမ်တွင်နေထိုင်သော မိသားစုဝင်များအား KNU နှင့် PDF အကြမ်းဖက်သမားများမှ ဓားဖြင့်ခုတ်သတ်ကာ ပစ္စည်းလုယက်သွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘာနှောင်းကျေးရွာနေ ဦးနိုင်ဝင်း(၃၈)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ဖြူနှင်း(၃၁)နှစ်တို့သည် ဧပြီ ၁၈ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကမ်းနီကျေးရွာအနီး ကညင်နိုင်အင်းစောင်းရှိ ၎င်းတို့နေထိုင်သော တဲအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား ၁၀ ဦးခန့် ရောက်ရှိလာပြီး ၎င်းတို့အား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့သည် တဲအိမ်အတွင်းရှိ လက်ကိုင်ဖုန်း နှစ်လုံး၊ ရွှေနားကပ် တစ်ရံ၊ ရွှေဆွဲကြိုး တစ်ကုံးနှင့် ငွေကျပ်သိန်း ၉၀ ခန့်ကိုလည်း လုယက်ယူဆောင်သွားခဲ့သည်။
ဖြစ်စဉ်တွင် ဦးနိုင်ဝင်းနှင့် ဒေါ်ဖြူနှင်းတို့ နှစ်ဦးစလုံး ဓားဒဏ်ရာများ ပြင်းထန်စွာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရရှိသည်။
ဖြစ်ရပ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခံရသူများ၏ အလောင်းများအား သယ်ယူစစ်ဆေးခြင်းနှင့် အကြမ်းဖက်သမားများအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။