
(နိုင်ငံတကာ) ဧပြီ ၁၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ကက်သလစ်အသင်းတော်၏ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) တို့အကြား အရှေ့အလယ်ပိုင်း စစ်ရေးမူဝါဒများနှင့် ပတ်သက်၍ လူသိရှင်ကြား အခြေအတင်ဖြစ်မှုများ ပြင်းထန်လာနေသည်။ ပုပ်ရဟန်းမင်းကြီးက ၎င်းအနေဖြင့် အမှန်တရားကို ပြောဆိုရန် ထရန့်အစိုးရအဖွဲ့ကို “ကြောက်ရွံ့ခြင်းမရှိ” ကြောင်း တုံ့ပြန်ပြောကြား လိုက်သည်။
သမ္မတထရန့်သည် ၎င်း၏ Truth Social လူမှုကွန် ရက်မှတစ်ဆင့် ပုပ်ရဟန်းမင်းကြီးကို “ရာဇဝတ်မှုအပေါ် သဘောထားပျော့ပျောင်းသူ” နှင့် “နိုင်ငံခြားရေးမူဝါဒအတွက် အလွန်ဆိုးရွားသူ” ဟု တံဆိပ်ကပ် ဝေဖန်ခဲ့သည်။ ထရန့်က “လီယိုအနေနဲ့ နိုင်ငံရေးသမားတစ်ယောက်လို မလုပ်ဘဲ ပုပ်ရဟန်းမင်းကြီးတစ်ယောက် ပီသအောင်ပဲ အာရုံစိုက်သင့်တယ်” ဟု ရေး သားခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီး၏ ရပ်တည်ချက်သည် ကက်သလစ်အသင်းတော်ကို ထိခိုက်စေသည်ဟု စွပ်စွဲခဲ့သည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကို “လက်ခံနိုင်ဖွယ်မရှိ” ဟု ရှုတ်ချထားသည့် ပုပ်ရဟန်းမင်းကြီး လီယိုက အယ်လ်ဂျီးယားခရီးစဉ်အတွင်း သတင်းထောက်များကို တုံ့ပြန်ခဲ့သည်။ ၎င်းက “ကျွန်တော်ဟာ စစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးအတွက် ကျယ်ကျယ်လောင်လောင် ဆက်လက်ပြောဆိုသွားမှာပါ။ အပြစ်မဲ့ပြည်သူတွေ အများကြီး အသတ်ခံနေရချိန်မှာ ပိုကောင်းတဲ့နည်းလမ်းရှိပါတယ်လို့ တစ်ယောက်ယောက်ကတော့ ထရပ်ပြီး ပြောရပါလိမ့်မယ်” ဟု မိန့်ကြားခဲ့သည်။
သမ္မတထရန့်သည် ၎င်းကိုယ်ကိုယ် ယေရှုခရစ် တော်ကဲ့သို့ နတ်ဘုရားတန်ခိုးရှိသူတစ်ဦးအဖြစ် AI ဖြင့် ဖန် တီးထားသော ပုံရိပ်ကို လူမှုကွန်ရက်တွင် တင်ခဲ့သဖြင့် ဘာသာရေးအသိုင်းအဝိုင်းကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ထို့ပြင် ပုပ်ရဟန်းမင်းကြီးသည် အမေရိကန်တစ်ဦး ဖြစ်နေ၍သာ ထရန့်နှင့် ဆက်ဆံရန် အသင်းတော်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း အထောက်အထားမဲ့ စွပ်စွဲခဲ့သည်။
အမေရိကန်တွင် မွေးဖွားသည့် ပထမဆုံးသော ပုပ်ရဟန်းမင်းကြီးနှင့် အမေရိကန်သမ္မတတို့အကြား ယခု ကဲ့သို့ လူသိရှင်ကြား ပဋိပက္ခဖြစ်ပွားမှုမှာ အလွန်ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး၊ နိုင်ငံတကာရေးရာများတွင် ဗာတီကန်၏ ဩဇာလွှမ်းမိုးမှုနှင့် အိမ်ဖြူတော်၏ တင်းမာ သော မူဝါဒများအကြား အားပြိုင်မှုကို ပြသနေပါ သည်။
#PopeLeoXIV #DonaldTrump #VaticanVsWhiteHouse #IranWar #GlobalPeace #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN