လီဘနွန်တောင်ပိုင်းတွင် ဟစ်ဇ်ဘိုလာနှင့် တိုက်ပွဲပြင်း ထန်ပြီး အစ္စရေးစစ်သည် ၄ ဦး ထပ်မံသေဆုံး၊ နာတန်ယာဟုက ကျူးကျော်စစ်ကို တိုးချဲ့ရန် အမိန့်ပေး

(နိုင်ငံတကာ) မတ် ၃၁

     လီဘနွန်တောင်ပိုင်းသို့ မြေပြင်ကျူးကျော်ဝင်ရောက်နေသည့် အစ္စရေးစစ်တပ်သည် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲများပြင်းထန်နေစဉ်အတွင်း ၎င်းတို့၏ စစ်သည် ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများထဲတွင် တပ်ရင်းတစ်ခုတည်းမှ စစ်သည် ၃ ဦး ပါဝင်ပြီး အခြားစစ်သည် ၂ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ မတ်လ ၂ ရက်နေ့တွင် စစ်ပွဲစတင်ကတည်းက အစ္စရေးစစ်သည် ၁၀ ဦး သေဆုံးခဲ့ပြီဖြစ်သည်။

     အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုက လီဘနွန်တောင်ပိုင်းရှိ လီတာနီမြစ် (Litani River) အထိ ရောက်ရှိမည့် “ကြားခံနယ်မြေ” (Buffer Zone) တစ်ခု ဖန်တီးရန်အတွက် မြေပြင်ကျူးကျော်စစ်ကို ပိုမိုတိုးချဲ့ရန် တနင်္လာနေ့တွင် အမိန့်ပေးခဲ့သည်။ အစ္စရေးလက် ယာစွန်းဝန်ကြီးများကမူ လီဘနွန်တောင်ပိုင်းကို အစ္စရေးပိုင်နက်အဖြစ် သိမ်းပိုက်ရန်အထိ တိုက်တွန်းနေကြပြီး အစ္စရေးစစ်တပ်သည် ဒေသတွင်းရှိ တံတားများနှင့် နေအိမ်များကို ဖျက်ဆီးကာ အခြားဒေသများနှင့် အဆက်အသွယ်ဖြတ်တောက်လျက်ရှိသည်။

     လီဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂ ယာယီငြိမ်းချမ်းရေးတပ်ဖွဲ့ (UNIFIL) မှ တပ်ဖွဲ့ဝင် ၃ ဦးလည်း မကြာသေးမီရက်ပိုင်းအတွင်း ပေါက်ကွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည်။

    အစ္စရေးစစ်တပ်သည် လီဘနွန်အရှေ့ပိုင်းရှိ ဘီကာတောင်ကြား (Bekaa Valley) ဒေသတွင် စစ်မျက်နှာသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ပြီး ဟစ်ဇ်ဘိုလာတို့၏ အဓိကထောက်ပို့လမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။ လက်ရှိတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လီဘနွန်ပြည်သူ ၁,၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီဖြစ်သည်။

     ဟစ်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူးချုပ် နအင်း ကာဆင် (Naim Qassem) က ၎င်းတို့အနေဖြင့် အစ္စရေးနှင့် အင်အားချင်း မမျှတမှုကို သိရှိထားကြောင်းနှင့် အစ္စရေးတပ်များ လီတာနီမြစ်အထိ ရှေ့တိုးလာမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း ဝန်ခံထားသည်။ သို့သော် အစ္စရေးတို့ ထိန်းချုပ်မှုကို အလွယ်တကူ ခိုင်မာအောင် လုပ်ခွင့်ပေးမည်မဟုတ်ဘဲ အစ္စရေးအတွက် အကျအဆုံးနှင့် စရိတ်စက အလွန်ကြီးမား သော စစ်ပွဲ (Costly War) ဖြစ်အောင် ဖန်တီးသွားမည်ဟု ဆိုသည်။

     အမေရိကန်နှင့် အီရန်တို့ကြား မည်သည့်သဘောတူညီချက်မျိုး ရရှိသည်ဖြစ်စေ လီဘနွန်ရှိ အစ္စရေး၏ စစ်ဆင်ရေးကို ရပ်တန့်မည်မဟုတ်ကြောင်း ဝန်ကြီး ချုပ် နေတန်ယာဟုက အမေရိကန်အရာရှိများကို ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေး ဘဏ္ဍာရေးဝန်ကြီး စမော့ထရစ် (Smotrich) ကလည်း လီဘနွန်စစ်ပွဲသည် အစ္စရေး၏ “နယ်စပ်မျဉ်းများကို ပြောင်းလဲသတ်မှတ်ခြင်း” အပါအဝင် ယခင်နှင့်မတူသော အခြေအနေသစ်တစ်ခုဖြင့် အဆုံးသတ်ရမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

#LebanonInvasion #HezbollahResistance #NetanyahuWar #BorderChange #MiddleEastConflict #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN