အီရန်စစ်ပွဲအပြီးတွင် နေတိုး (NATO) အဖွဲ့မှ နုတ်ထွက်ရန် ထရန့်အစိုးရ စဉ်းစားနေကြောင်း အရိပ်အယောင်ပြလာ

(နိုင်ငံတကာ) ဧပြီ ၉

     အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးပဋိပက္ခများအပြီးတွင် အနောက်အုပ်စု၏ ဆယ်စုနှစ်များစွာကြာ လုံခြုံရေးဒေါက်တိုင်ဖြစ်ခဲ့သည့် နေတိုး (NATO) မဟာမိတ်အဖွဲ့အတွင်း အက်ကြောင်းများ ပိုမိုထင်ရှားလာသည်။ အီရန်စစ်ပွဲအတွင်း နေတိုးမဟာမိတ်များ၏ ပူးပေါင်းပါဝင်မှုအပေါ် စိတ်ပျက်နေသည့် သမ္မတ ဒေါ်နယ်ထရန့်သည် အဆိုပါအဖွဲ့မှ နုတ်ထွက်ရန်အထိ စဉ်းစားနေကြောင်း အိမ်ဖြူတော်က အရိပ်အယောင်များ ပြသလာခဲ့သည်။

​     အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိ ကာရိုလိုင်း လဲဗစ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် အီရန်အပေါ် ဆင်နွှဲခဲ့သည့် “Operation Epic Fury” စစ်ဆင်ရေးသည် နေတိုးအဖွဲ့အတွက် ကြီးမားသော စမ်းသပ်ချက်တစ်ခုဖြစ်သော်လည်း မဟာမိတ်များက ယင်းစမ်းသပ်ချက်ကို ကျရှုံးခဲ့ကြောင်း ပြင်းထန်စွာ ပြောဆိုခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်၏ ဖိအားပေးမှုရှိသော်လည်း စစ်ပွဲအတွင်း တိုက် ရိုက်စစ်ရေးကူညီမှုများပေးရန် ငြင်းဆိုခဲ့ကြသည့်အပေါ် ထရန့်အစိုးရက အထူးစိတ်ပျက်နေခြင်းဖြစ် သည်။

​     “အမေရိကန်ပြည်သူတွေက သူတို့ရဲ့ ကာကွယ်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေတာကို နေတိုးအဖွဲ့က ကျောခိုင်းခဲ့တာဟာ ဝမ်းနည်းစရာပါပဲ” ဟု လဲဗစ်က ဆိုသည်။ သမ္မတထရန့်အနေဖြင့် နေတိုးမှ နုတ်ထွက်ရေးကိစ္စကို အမှန်တကယ် ဆွေးနွေးနေခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် သူမက ယင်းမှာ သမ္မတ “ဆွေးနွေးဖူးသည့်” အကြောင်းအရာဖြစ်ကြောင်း အတည်ပြုခဲ့သည်။

​     လဲဗစ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာပြီးနောက် သမ္မတထရန့်သည် နေတိုးအထွေထွေအတွင်း ရေးမှူးချုပ် မာ့ခ် ရုတေး နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။ ရုတေးက ယင်းတွေ့ဆုံမှုကို “ပွင့်လင်းရိုးသားသော တွေ့ဆုံမှု” ဟု ဖော်ပြခဲ့ပြီး အမေရိကန်ဘက်က စိတ်ပျက်မှုများရှိနေသည်ကို ဝန်ခံခဲ့သည်။

     သို့သော်လည်း နေတိုးအနေဖြင့် လော့ဂျစ်စတစ်နှင့် အခြေစိုက်စခန်း အသုံးပြုခွင့်များပေးခြင်းဖြင့် ကူညီခဲ့ကြောင်း ရုတေးက ပြန်လည်ချေပခဲ့သည်။

​     ထရန့်အစိုးရနှင့် နေတိုးအဖွဲ့ဝင်များအကြား တင်း မာမှုမှာ ယခုမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ ယခင်အကြောင်းများကြောင့်လည်း ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ ယခင်ကတည်းက ထရန့်သည် ဥရောပနိုင်ငံများကို ၎င်းတို့၏ GDP ၅ ရာခိုင်နှုန်းအထိ အသုံး စရိတ်တိုးမြှင့်ရန် ဖိအားပေးနေပြီး၊ စပိန်ကဲ့သို့သော နိုင်ငံများက ယင်းကို ကန့်ကွက်နေကြသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို အမေရိကန်က သိမ်း ပိုက်ရန် ခြိမ်းခြောက်ခဲ့မှုကြောင့် ဥရောပခေါင်းဆောင်များနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။ နောက်ဆုံးအကြောင်းရင်းမှာ နိုင်ငံတကာ ဥပဒေအရ ကျူးကျော် စစ်ဟု ယူဆရသည့် အီရန်စစ်ပွဲတွင် နေတိုးမဟာမိတ်များက ပါဝင်ရန် ငြင်းဆန်ခဲ့ခြင်းမှာ အဓိက အက် ကြောင်း ဖြစ်လာခဲ့သည်။

​     ဝေါလ်စထရိ ဂျာနယ်၏ ဖော်ပြချက်အရ ထရန့်အစိုးရသည် စစ်ပွဲအပေါ် ရပ်တည်ချက်ကြောင့် စပိန်နှင့် ဂျာမနီကဲ့သို့သော နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပိတ်ပစ်ရန် သို့မဟုတ် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန်အထိ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် စဉ်းစားနေကြောင်း သိရသည်။

     အမေရိကန်၏ ထောက်ပံ့မှုမပါဘဲ နေတိုးအဖွဲ့မှာ ရပ်တည်ရန် ခက်ခဲမည်ဖြစ်ရာ၊ သမ္မတထရန့်၏ နောက် ထပ်ခြေလှမ်းမှာ ကမ္ဘာ့လုံခြုံရေးအခင်း အကျင်းကို ပြောင်းလဲပစ်နိုင်သည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သဖြင့် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည်။

​#NATO #Trump #MarkRutte #USA #Europe #DefenseSpending #Geopolitics #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN