


(မှုခင်း)ဧပြီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေသည့် ပြင်ပနိုင်ငံသားများအား ယမန်နေ့က ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
ဧပြီလ ၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးရာ တာချီလိတ်မြို့နယ် ၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ထုတ်ပြန်ပြီးဖြစ်သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှု များ ဆက်လက်ဆောင်ရွက်ရာ ယမန်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါ ပန်ကူ ကျေးရွာ၏အရှေ့တောင်ဘက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသားအမျိုးသား ၁၇ ဦး၊ အမျိုးသမီး၂ ဦးနှင့် လာအိုနိုင်ငံသူ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ကို လည်းကောင်း၊ ပန်ကူကျေးရွာ၏အနောက် တောင်ဘက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၇ ဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏ အရှေ့တောင်ဘက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏ အနောက်ဘက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏အရှေ့တောင်ဘက် ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦးအားလည်းကောင်း၊ စုစုပေါင်းတရားမဝင်ပြည်ပနိုင်ငံသား အမျိုးသား ၅၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကို လည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။