
(ပြည်တွင်း) မတ် ၃၁ ရက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပွဲ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရွေးချယ်ပွဲအပြီးတွင် ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့မှ ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုသဝဏ်လွှာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွဲပြောင်းရယူခဲ့သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းထံပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
UWSAမှ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏သက်တမ်းအတွင်း အရေးကြီးသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးနောက်၊ ယခုအခါ ကြည်းတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြထားကြောင်းသိရသည်။
ထို့ပြင် UWSAသည် ယခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထပ်တွင်လည်း အလားတူ သဝဏ်လွှာပေးပို့မှုများရှိခဲ့ပြီး ယခု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည်လည်းကာကွယ်ရေးကဏ္ဍတွင် အတွေ့အကြုံရင့်ကျက်ပြီး လုပ်နိုင်စွမ်းရှိသူတစ်ဦးဖြစ်သည့်အတွက် ၎င်း၏ဦးဆောင်မှုအောက်တွင် တပ်မတော်အနေဖြင့် မိမိတို့၏ မစ်ရှင်များကို ဆက်လက်ထိန်းသိမ်းကာ နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကာအကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားပြီး ဝပြည် ပြည်သူ့အစိုးရနှင့် UWSA စစ်ဌာနချုပ်တို့မှ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ကျန်းမာပါစေကြောင်းနှင့် တာဝန်ထမ်းဆောင်ရာတွင် အောင်မြင်မှုအသစ်များ ရရှိပါစေကြောင်း၎င်းတို့၏ သဝဏ်လွှာတွင်ဖော်ပြထားကြောင်းသိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွဲပြောင်း ပေးအပ်မှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များထဲတွင် UWSAမှ ပထမဦးဆုံးပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။