(ပြည်တွင်း) မတ် ၂၀
ကချင်ပြည်နယ်လွှတ်တော်၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကို မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်လွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဌေးအောင်ကို သဘာပတိအဖြစ် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ကာ အစည်းအဝေးကို ဦးဆောင်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် မချမ်းဘောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ (ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ) ကို အမည်စာရင်းတင်သွင်းခဲ့ပြီး ပြိုင်ဘက်မရှိသဖြင့် တစ်ဦးတည်းဖြင့် အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌအဖြစ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ကိုယ်စားလှယ် ဦးသိန်းထွန်းအေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ကို အမည်စာရင်းတင်သွင်းခဲ့ပြီး ပြိုင်ဘက်မရှိသဖြင့် အတည်ပြုရွေးချယ်ခဲ့ကြသည်။

ထို့အပြင် သဘာပတိ ဒေါက်တာသန်းဌေးအောင်က လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရသူ ဦးရားဝမ်ဂျုံထံ အစည်းအဝေးကို တာဝန်လွှဲပြောင်းပေးခဲ့သည်။
လွှတ်တော်ဥက္ကဌ ဦးရားဝမ်ဂျုံက အမှာစကား ပြောကြားခဲ့ပြီး နံနက် ၁၁ နာရီတွင် ပထမနေ့အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
#PAN