ပန်တဂွန်က ဒေါ်လာဘီလီယံ ၂၀၀ အရေးပေါ်တောင်းခံပြီး အီရန်စစ်ပွဲအတွက် “အချိန်ကာလသတ်မှတ်ချက်မရှိ” ဟု ဝန်ကြီး Hegseth ဆို

(နိုင်ငံတကာ)မတ် ၂၀

     အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ (Operation Epic Fury) နှင့် ပတ်သက်၍ အဆိုပါစစ်ပွဲသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ဆိုသည့် ‘အချိန်ကာလ သတ်မှတ်ချက်’ (Timeframe) မရှိကြောင်း သတိပေးပြောကြားခဲ့သည်။

     “အီရန်နှင့် ဖြစ်ပွားနေသော အမေရိကန်-အစ္စရေး စစ်ပွဲအတွက် အသုံးပြုရန် ပန်တဂွန် (အမေရိကန် စစ် ဌာနချုပ်) သည် လွှတ်တော်ထံမှ အပိုဆောင်းဘတ် ဂျက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကို တောင်းခံထားသည်ဟု ဆိုသည်။

     “ဒေါ်လာဘီလီယံ ၂၀၀ နဲ့ ပတ်သက်လို့တော့ ဒီကိန်း ဂဏန်းဟာ ပြောင်းလဲသွားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှင်းရှင်းပြောရရင် လူဆိုးတွေကို နှိမ်နင်းဖို့ဆိုတာ ပိုက်ဆံကုန်တာပေါ့ဗျာ” ဟု Hegseth က ဆို သည်။ “ပြီးခဲ့တဲ့ စစ်ဆင်ရေးတွေအတွက်ရော၊ နောင်အနာဂတ်မှာ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေအတွက်ပါ လိုအပ်တဲ့ ရန်ပုံငွေ အပြည့်အဝရရှိဖို့ လွှတ်တော်နဲ့ သက်ဆိုင်သူတွေဆီကို ကျွန်တော်တို့ ပြန်သွားပြီး တင်ပြတောင်းခံသွားမှာပါ” ဟု ၎င်းက ဆိုသည်။

​     အမေရိကန် စစ်ဌာနချုပ် (DoD) အနေဖြင့် ထိုပမာဏကို အိမ်ဖြူတော်ထံ တောင်းခံထားကြောင်း Associated Press နှင့် Washington Post တို့က ဖော်ပြခဲ့ကြသည်။

     ဤပမာဏသည် ပုံမှန်ထက် အလွန်အမင်း မြင့်မားနေပြီး၊ ပြီးခဲ့သည့်နှစ် ဇူလိုင်လက သမ္မတ ဒေါ်နယ်ထရန့်၏ အခွန်လျှော့ချရေးဥပဒေ (Tax-cuts bill) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက ရရှိထားပြီးဖြစ်သည့် အပိုဆောင်းရန်ပုံငွေများအပြင် ယခု ကဲ့သို့ ထပ်မံတောင်းခံခြင်းလည်း ဖြစ်သည်။ ထိုသို့သော တောင်းခံမှုမျိုးကို လွှတ်တော်က အတည်ပြုပေးရန် လိုအပ်မည်ဖြစ်သည်။

     အမေရိကန်အနေဖြင့် အီရန်နိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်ပေါင်း ၇,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကြာသပတေးနေ့သည် “အကြီးမားဆုံး တိုက်ခိုက်မှု အစုအဖွဲ့ (Strike Package)” ပြုလုပ်မည့်နေ့ဖြစ် ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

     သို့သော်လည်း လွှတ်တော်သည် ဤစစ်ပွဲကို တရား ဝင်ခွင့်ပြုထားခြင်း မရှိသေးဘဲ၊ စစ်ဆင်ရေး၏ နယ် ပယ်နှင့် မဟာဗျူဟာအပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာနေသည်။

     လွှတ်တော်ကို သမ္မတ၏ ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားသော်လည်း၊ ကွန်ဆာဗေးတစ် လွှတ် တော်အမတ်အများစုမှာ ဘတ်ဂျက်အသုံးစရိတ်ကို တင်းကျပ်စွာ စောင့်ကြည့်သူများ (Fiscal Hawks) ဖြစ်ကြပြီး စစ်ရေးအရဖြစ်စေ၊ အခြားကိစ္စရပ်များအတွက်ဖြစ်စေ အသုံးစရိတ် အမြောက်အမြား သုံးစွဲရန် စိတ်အားထက် သန်မှု မရှိကြပေ။

     ဒီမိုကရက်အမတ် အများစုမှာလည်း ထိုကဲ့သို့သော တောင်းခံမှုကို ပယ်ချရန် အလားအလာရှိနေပြီး၊ စစ်ရေးမဟာဗျူဟာနှင့် ရည်မှန်းချက်များအတွက် ပိုမိုအသေး စိတ်ကျသော အစီအစဉ်များကို တောင်းဆိုဖွယ်ရှိသည်။

#PositiveAngle #PeteHegseth #PentagonBudget #IranWar2026 #WarFinance #GlobalEconomy #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN