(ပြည်တွင်း) နိုဝင်ဘာ ၁၁
နာဂပုရသာသနာလင်္ကာရအသင်းကြီးက ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီ ၅၀ မိနစ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၏ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စာမေးပွဲဖြေဆိုမည့် သံဃာတော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၂,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ဩဝါဒါစရိယဆရာတော်ကြီးများက “သမန္တာ” အစချီသော ဂါထာများဖြင့် နတ်ဗြဟ္မာများကို ဖိတ်ကြားပြီး “နမောတဿ” အစချီသော ဗုဒ္ဓဝန္ဒနာဂါထာဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ် ပဓာနနာယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ-စ-အ ဓမ္မာစရိယ ဘဒ္ဒန္တသုစိတ္တာဘိဝံသ မဟာထေရ်ထံ ဒကာ၊ ဒကာမများက သြကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ကြပြီး သရဏဂုံနှင့် သီလဆောက်တည်ခဲ့ကြသည်။
ထို့နောက် သံဃာတော်များ ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်ကို နာယူခဲ့ကြပြီး ဘဒ္ဒန္တသုစိတ္တာဘိဝံသ မဟာထေရ်က ဩဝါဒကထာ ချီးမြှင့်တော်မူခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိစစ်သည်များ၊ တာဝန်ရှိသူများက နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲအတွက် အလှူငွေများ၊ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်းခဲ့ကြသည်။
အခမ်းအနားကို တက်ရောက်လာသူများက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ဟူသော ဆုတောင်းစကားကို သံပြိုင်ညီညာစွာ သုံးကြိမ်ရွတ်ဆိုဆုတောင်းခဲ့ကြပြီး နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN