(ပြည်တွင်း) ဒီဇင်ဘာ ၃
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့မှာတည်ဆောက်နေတဲ့ စစ်မှုထမ်းဟောင်းအိမ်ရာကို ဒီဇင်ဘာ ၃ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုသွားရောက်စစ်ဆေးစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ဆောက်ပြီးစီးတဲ့ အိမ်ရာတွေမှာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ စနစ်တကျနေရာ ချထားပေး သွားဖို့၊ အဆောက်အအုံတွေ တည်ဆောက်ရာမှာ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားကြဖို့၊ အိမ်ရာမှာနေထိုင်သူတွေ ကျန်းမာရေး အထောက်အကူပြု ဖို့အတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ဖို့နေရာတွေ ထည့်သွင်းတည် ဆောက်သွားဖို့နဲ့ အထပ်မြင့်အဆောက်အတွေကို သဘာဝ ဘေးအန္တရာယ် ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက် ဆောက်လုပ်သွားဖို့ လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်ချက်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာမှာ အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၀ လုံး၊ အရာရှိငယ် နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၃ လုံး၊ အရာရှိကြီးနေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံးတို့ကို ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နဲ့ အခြားအဆင့်နေအိမ်တွေကိုလည်း ထပ်မံ ဆောက်လုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။
#PAN