အရက်သမား ၂ ဦးရန်ဖြစ်ရာက ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ပြဲသွားလို့ အမှုဖွင့်ခံရ

2025ELECTION29NOV

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်က ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဗီနိုင်းဆိုင်းဘုတ်ကို ဆုတ်ပြဲအောင်ပြုလုပ်သူတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ည ၉ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်မှာ အရက်အမူးသမား ၂ ဦး ခိုက်ရန်ဖြစ်ရင်း ဖိနပ်နဲ့ပစ်ပေါက်မိတာကြောင့် အဲ့ဒီအနီးမှာထောင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဆိုင်းဘုတ်ဖျက်ဆီးသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးရမိထားပြီး ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၄ က နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပျက်ပြားစေဖို့ နည်းအမျိုးမျိုးဖြင့်ကျူးလွန်သူတွေကိုဖော်ထုတ် အရေးယူမှုတွေကိုဆောင်ရွက်နေပြီး နိုဝင်ဘာ ၂၉ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး /ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၉၀ နီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

#PAN