ကြံ့ခိုင်ရေး၊ PPP နဲ့ PP တို့ရဲ့  ဆိုင်းဘုတ်တွေ ဖျက်ဆီးသူကို ရွေး/နှောင့်ဥပဒေနဲ့ဖမ်းဆီးအရေးယူထား

(မှုခင်း) နိုဝင်ဘာ ၁၄

ကြံ့ခိုင်ရေးပါတီအပြင် ပြည်သူ့ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတွေရဲ့ လှုပ်ဆော်ရေးဆိုင်းဘုတ်တွေ ဖျက်ဆီးသူတွေကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်က ပန်းခြံမှာ စိုက်ထူထားတဲ့ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဆိုင်းဘုတ် ၁ ခု၊ ဗိုလ်ကံညွန့်ရပ်ကွက်က လေးထောင့်ကန်လမ်းနဲ့ ဇမ္ဗူဒိပ်လမ်းထောင့်မှာ စိုက်ထူထားတဲ့ ပြည်သူ့ပါတီဆိုင်းဘုတ် ၁ ခု၊ သုမင်္ဂလာရပ်ကွက်က လေးထောင့်ကန်လမ်းနဲ့ သုမင်္ဂလာ လမ်းထောင့် (ဇဝနလမ်းဆုံ)မှာ စိုက်ထူထားတဲ့ ပြည်သူ့ပါတီဆိုင်းဘုတ် ၁ ခုနဲ့ ပြည်သူ့ရှေ့ ဆောင်ပါတီ ဆိုင်းဘုတ် ၁ ခု တို့ ဖြိုလှဲဖျက်ဆီးခံခဲ့ကြတာဖြစ်ပါတယ်။

ပါတီတွေရဲ့ဆိုင်းဘုတ်တွေဖျက်ဆီးခံခဲ့ရတာကြောင့် လုံခြုံရေးပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၀ မိနစ်အချိန်က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက် နေစဉ် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်နေ ရွှေလင်းဦး(၂၀)နှစ်နဲ့ ဗိုလ်ကံညွန့်ရပ်ကွက်နေ ခိုင်မင်းကို(၂၀)နှစ်တို့ ၂ ဦးကို အခင်းဖြစ်နေရာအနီး ဦးစံဖေရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရန်အောင်ရပ်ကွက်မှာနေထိုင်သူတွေဖြစ်ကြတဲ့ စွမ်းထက်အောင်(၁၉)နှစ်ကို မနက် ၄ နာရီ ၅ မိနစ်အချိန်မှာ ရန်အောင်
ရပ်ကွက်၊ ရန်အောင်လမ်းက အဒေါ်ဖြစ်သူနေအိမ်မှာဖမ်းဆီးရမိပြီး ချစ်လင်းကို(၂၈)နှစ်ကိုတော့ မနက် ၅ နာရီအချိန်မှာ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူ ကျက်သရေဆောင်လမ်းက သူ့ရဲ့ အသိဖြစ်သူနေအိမ်မှာဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အခုလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေဖို့  စိုက်ထူထားတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးပြီး ခြိမ်းခြောက်ဟန့်တားခြင်းတွေ ပြုလုပ်ခဲ့သူ ချစ်လင်းကိုပါ ၄ ဦးကို သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၂၃၉/၂၀၂၅၊ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) နဲ့ အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#PAN