(ပြည်တွင်း) နိုဝင်ဘာ ၅
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြှော်ကြည်ညိုသူ ၃ သန်းကျော်ရှိပြီလို့ သိရပါတယ်။

နေ့စဥ်လာရောက်ဖူးမျှော်သူများပြားခဲ့တာကြောင့် နိုဝင်ဘာ ၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့မှာ လူဦးရေ ၃ သန်းပြည့်ခဲ့တာဖြစ်ပြီး ဒီနေ့အထိလာရောက်ဖူးမျှော်သူတွေနဲ့ပါဆိုရင် ၃ သန်းကျော်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ မရွေးရွာဘုန်းတော်ကြီးကျောင်းတိုက်က ဆရာတော် ဘဒ္ဒန္တ ကုဝေရ သက်တော်(၃၉)နှစ်၊ ဝါတော်(၁၉)ဝါဟာ (၃)သန်းပြည့် မြောက်တဲ့ ဘုရားဖူးသူအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်တမ်းဝင်ဆရာတော်ကို ဘုရားဂေါပကအဖွဲ့က ဉာဏ် တော်(၉)လက်မအမြင့်ရှိ စကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်းဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ သာသနိကအဆောက်အဦများဆိုင်ရာသမိုင်းကြောင်းပါဝင်သည့် CD တစ်ချပ်၊ ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့်ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော်(၅၃)ကျမ်း (၄၀)အုပ်တစ်စုံတို့ကို ဓမ္မလက်ဆောင်အဖြစ်ဆက်ကပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
“နေပြည်တော်ကိုအလည်လာရင် ဦးဇင်းကဒီဘုရားကြီးကိုရောက်ဖြစ်တယ်။ ဘာလို့လာတာလဲဆိုရင် ဘုရားကြီးကိုဖူးလိုက်ရတာနဲ့ အလိုလိုကို စိတ်ချမ်းသာတယ်။ ပီတိတွေဖြစ်တယ်။ ဒါကြောင့်မို့ ဦးဇင်းက နေပြည်တော်လာတိုင်းလာတိုင်းလည်း ဒီဘုရားကြီးကို ဖူးဖြစ်ပါတယ်”လို့ ဆရာတော် ဘဒ္ဒန္တ ကုဝေရ ကမိန့်ကြားတော်မူခဲ့ပါတယ်။
#PAN