(နိုင်ငံတကာ) နိုဝင်ဘာ ၅
အင်္ဂလန်နိုင်ငံအတွက် ဘောလုံး ပွဲ ၁၁၅ ပွဲ ကစားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၀၆ ခုနှစ်အထိ ခြောက်နှစ်ကြာ အင်္ဂလန်အသင်း ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ချားလ်စ်ဘုရင်က သူကောင်းဘွဲ့ချီးမြှင့်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
ဒေးဗစ် ဘက်ခမ်း ကို ဘောလုံးအားကစား နဲ့ ဗြိတိသျှလူ့အဖွဲ့အစည်းအပေါ် စွမ်းဆောင်ပေးခဲ့တဲ့ လုပ်ဆောင်မှုတွေအတွက် ချားလ်စ် ဘုရင်မင်းမြတ်က (ဆြာ) ဘွဲ့ကိုချီးမြှင့်တာလို့လည်း သိရပါတယ်။
အသက် ၅၀ အရွယ် ဘက်ခမ်းကို ဘုရင်က ဝင်ဆာရဲတိုက်မှာ နိုဝင်ဘာ ၄ ရက်နေ့က ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အရှေ့လန်ဒန်မှာ မွေးဖွားသူ ဘက်ခမ်းဟာ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော် ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး အတွက် ကူညီဆောင်ရွက်နိုင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးယဲလ် မက်ဒရစ် ကွင်းလယ်လူဟောင်း ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းဟာ ကမ္ဘာ့ဖလား သုံးကြိမ် နဲ့ ဥရောပဖလား နှစ်ကြိမ် ယှဥ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
#PAN