၅ ရက် ကြိုတင်ကာ လက်မှတ်ဝယ်နိုင်ပြီလို့ “မမ” ကြေညာ၊ လက်မှတ်ကို ORTP စနစ်နဲ့ရောင်းချနိုင်ဖို့ စီစဥ်နေ 

(ပြည်တွင်း) နိုဝင်ဘာ ၁

ရန်ကုန် – နေပြည်တော် – မန္တလေးလမ်းပိုင်းမှ ပြေးဆွဲနေတဲ့ မြန်မာ့မီးရထားကို စီးနင်းလိုက်ပါလိုတဲ့ ခရီးသည်​တွေအနေနဲ့ ခရီးစဉ်တွေအလိုက် ရထားလက်မှတ်​တွေကိုအဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ဖို့အတွက် ခရီးသွားမယ့်နေ့ရက်မတိုင်မီ (၅)ရက် အလိုမှစတင်ကာ ကြိုတင်မှတ်ပုံတင်ခြင်း (Booking) ပြုလုပ်နိုင်တယ်လို့ မြန်မာ့မီးရထားက ကြေညာပါတယ်။

ကြိုတင်မှတ်ပုံတင်ခြင်း (Booking) ပြုလုပ်ရာမှာ မိမိစတင်ခရီးသွားရောက်လိုတဲ့ ဘူတာတွေနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့  ရန်ကုန်ဘူတာကြီး -(ဝ၉-၈၈ဝ၉၄၂၆ဝ၈) ၊ တိုးကြောင်ကလေးဘူတာ –(၀၉-၈၈၀၉၄၂၆၀၉)၊ ပဲခူးဘူတာ -(၁၉-၈၈၀၉၄၂၆၀၆)၊ ဖြူးဘူတာ
-(ဝ၉-၈၈ဝ၉၄၂၆၀၅)၊
တောင်ငူဘူတာ -(ဝ၉-၈၈ဝ၉၄၂၆၀၄)၊  ပျဉ်းမနားဘူတာ –(၀၉-၈၈၉၄၂၆၀၁)၊
နေပြည်တော်ဘူတာ –(၀၉-၈၈၀၉၄၂၆၀၂)၊ တပ်ကုန်းဘူတာ -(ဝ၉-၈၈ဝ၉၄၂၆၁၃)၊
ပျော်ဘွယ်ဘူတာ –(၀၉-၈၈၉၄၂၆ဝ၇)၊ သာစည်ဘူတာ -(ဝ၉-၈၈ဝ၉၄၂၆၁ဝ)၊
ကျောက်ဆည်ဘူတာ-(၀၉-၈၈၀၉၄၂၆၁၁) မန္တလေးဘူတာ-(ဝ၉-၈၈ဝ၉၄၂၆၁၂) တို့ပဲ​ဖြစ်ပါတယ်။

ခရီးသွားမယ့်သူက အထက်ပါသက်ဆိုင်ရာတယ်လီဖုန်းနံပါတ်တွေကို ဖုန်းအဆက်သွယ်ရရှိတဲ့အခါ ဖုန်းလက်ခံတဲ့ မီးရထားဝန်ထမ်းက ခရီးသွားမည့်သူရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ ရထားစီးနင်းလိုက်ပါလိုတဲ့ နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နဲ့ တွဲအတန်းအစားတွေကို မေးမြန်းကာ မှတ်တမ်းတင်ထားရှိထာယမှာဖြစ်တယ်လို့သိရပါတယ်။

အဲဒီနောက် ခရီးသွားမယ့်နေ့ရက်မတိုင်မီ (၃)ရက်အလိုမှာ အဆိုပါဖုန်းနံပတ်ကို ထပ်မံ
ဖုန်းဆက်သွယ်ရမှာဖြစ်ပြီး ဖုန်းလက်ခံတဲ့ မီးရထားဝန်ထမ်းက ခရီးသွားမယ့်သူရဲ့ ခရီးစဉ်အတိုင်း ထိုင်ခုံနေရာ လစ်လပ်မှုရှိပါက ခရီးသွားမယ့်သူထံကို Viber ကတစ်ဆင့် လက်မှတ်ကျသင့်ငွေပမာဏနဲ့ MMQR Code ကို ပေးပို့သွမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားမယ့်သူက ကြိုက်နှစ်သက်ရာ Online Payment အမျိုးအစားနဲ့မဆို
MMQR နဲ့ ငွေပေးချေနိုင်ပြီး မီးရထားဝန်ထမ်းနဲ့ ဆက်သွယ်မှုပြုလုပ်ပြီးတဲ့နောက် (၁)နာရီအတွင်း ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို Screenshot ပြုလုပ်ကာ ဖုန်းလက်ခံတဲ့ မီးရထားဝန်ထမ်းရဲ့အထက်ပါ သက်ဆိုင်ရာ ဖုန်း / Viber နံပါတ်ကို ပြန်လည်ပေးပို့ရမှာဖြစ်တယ်လို့လည်း ိူရပါတယ်။

  မီးရထားဝန်ထမ်းက ငွေပေးသွင်းပြီးကြောင်းအထောက်အထားရရှိပါက ခရီးသွားမယ့်သူထံကို စီးနင်းလိုက်ပါရမယ့် ခရီးစဉ်အတိုင်း တွဲ/ထိုင်ခုံ နံပါတ်တို့ကို ပြန်လည်ပေးပို့မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခရီးသွားမယ့်သူဟာ သက်ဆိုင်ရာရထားစီးနင်းမယ့်ဘူတာကို ရထားမထွက်ခွာမီ (၁)နာရီအလို ကြိုတင်ရောက်လာရောက်ကာ ဘူတာလက်မှတ်ရုံမှာ ငွေပေးသွင်းပြီးကြောင်း အထောက်အထားပြသပြီး ရထားလက်မှတ်ကိုတောင်းခံထုတ်ယူရမှာဖြစ်တယ်လို့လည်း မြန်မာ့မီးရထားကပြောပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူတွေ အနေနဲ့ ရထားလက်မှတ်တွေကို ပိုမိုအဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ကြစေဖို့အတွက် မြန်မာ့မီးရထားအနေနဲ့ ရထားလက်မှတ်တွေကို Online က ရောင်းချခြင်းနဲ့ ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP) စနစ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်လို့ မကြာမီကာလအတွင်း အဆိုပါစနစ်ကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းပြေးဆွဲပေးနေတဲ့ လူစီးရထားတွေအတွက်
ရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေ အနေနဲ့ လက်မှတ်ခအပိုကြေးပေးရခြင်း၊ လက်မှတ်မှောင်ခိုဝယ်ယူရခြင်းတွေ ကြုံတွေ့ရပါက ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန် – နေပြည်တော် – မန္တလေးလမ်းပိုင်းအတွင်း အမှတ်(၇)အဆန်/(၈)အစုန်၊အမှတ်(၃၁)အဆန်/(၃၂)အစုန် DEMU ရထားတွေနဲ့ အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားတွေပြေးဆွဲနေတယ်လို့ သိရပါတယ်။

#PAN