(ပြည်တွင်း) မေ ၂
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားအသုံးပြုမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မေလ ၁ ရက်နေ့ နေ့လည် ၁ နာရီတွင် အမှတ် (၁၈) ရပ်ကွက်၌ လျှပ်စစ်ဓာတ်အားကျဆင်းမှုကြောင့် မီးအသုံးပြုရန် အခက်အခဲဖြစ်ပေါ်နေသည့် အခြေအနေများအား လည်းကောင်း၊ နေ့လည် (၂း၃၀) နာရီခန့်တွင် အမှတ် (၅၃) ရပ်ကွက်၌ လျှပ်စစ်ကြိုးများ ဟောင်းနွမ်းပြတ်တောက်နေခြင်းကြောင့် အန္တရာယ်ရှိနေသည့် မီးလိုင်းများအား လဲလှယ်ပြုပြင်နိုင်ရေးအတွက် လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံပြည်သူများက လျှပ်စစ်ဓာတ်အားကျဆင်းမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လမ်းမများပေါ်တွင် လျှပ်စစ်ကြိုးများ ပြတ်ကျမှုကြောင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြခဲ့ကြသည်။
ထိုသို့ တင်ပြချက်များအပေါ် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှ တာဝန်ရှိသူများက လျှပ်စစ်ဌာန၏ လက်ရှိအခြေအနေများနှင့် ပြည်သူများအား လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိစေရေး ဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
ယင်းကဲ့သို့ ပြည်သူ့လိုအပ်ချက်များကို ကွင်းဆင်းဖြေရှင်းပေးခြင်းကြောင့် ဒေသခံပြည်သူများမှ အဆင်ပြေမှုများ ရရှိလာကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယုနှင့် မြို့နယ်ပါတီတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#PAN