(ပြည်တွင်း) မေ ၂
မြန်မာနိုင်ငံအစိုးရက အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် တင်းကြပ်စွာတိုက်ဖျက်နေစဉ် ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရန် အစိုးရအနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေစဉ် ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတို့ဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။
စစ်ဆေးမှုအတွင်း ယနေ့ နံနက် ၂ နာရီခန့်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ကနဦး စစ်ဆေးချက်များအရ ဖမ်းဆီးခံရသူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသူများဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးဖမ်းဆီးမှုများကြောင့် တရုတ်နိုင်ငံသို့ ပြန်ရန် ကြိုးပမ်းရာတွင် တောလမ်းမှ ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို တင်းကြပ်စွာ တိုက်ဖျက်နေပြီး အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကို တရားဥပဒေအရ စစ်ဆေးပြီး လူသားချင်းစာနာထောက်ထားမှုအရ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အဓိကပြစ်မှုကျူးလွန်သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံအစိုးရများထံ တရားဝင်လွှဲပြောင်းပေးခြင်းနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#PAN