(အားကစား) အောက်တိုဘာ ၈
အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်ကွင်းကို ပရိသတ် ၇၀,၀၀၀ ကျော်ဝင်ဆံ့တဲ့ကွင်းအဖြစ် တိုးချဲ့ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယခင်က အာဆင်နယ်အသင်းဟာ ဟိုက်ဘူရီကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ပေမဲ့ ၂၀၀၆ ခုနှစ်ကစပြီး အမ်းမရိတ်စ်ကွင်းကို ပြောင်းလဲအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အမ်းမရိတ်စ်ကွင်းဟာ ဖွင့်လှစ်ခါစတုန်းက မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းပြီးရင် ပရီးမီးယားလိဂ်ရဲ့ အကြီးဆုံးကွင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ တစ်ရာသီစာလက်မှတ်ဝယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကလည်း တစ်သိန်းကျော် ရှိနေတာကြောင့် အာဆင်နယ်အသင်းက ကွင်းတိုးချဲ့ဖို့ စီစဉ်နေတာဖြစ်ပြီး ရီးရဲလ်အသင်း ဘာနေဗျူးကွင်းကို အဆင့်မြှင့်တင်တည်ဆောက်သလိုမျိုး လုပ်ဆောင်သွားဖို့ လေ့လာနေတယ်လို့လည်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းတည်ဆောက်နေစဉ်ကာလအတွင်း ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် ငှားရမ်းအသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
#PAN