မြန်မာ–ရုရှား ခရီးသွားနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

(ပြည်တွင်း) ဧပြီ ၂၉

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး မစ္စတာ အန်ဒရေ လူနက်နှင့် ဧပြီ ၂၈ ရက်က နေပြည်တော်ရှိ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ (MoU) ပါ အချက်အလက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန် ခရီးသွားလာမှု တိုးမြှင့်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

#PAN