(ပြည်တွင်း) ဧပြီ ၂၉
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ၂၃၀/၆၆ ကေဗွီ (၁၀၀+၁၀၀) အမ်ဗွီအေ မော်လမြိုင်ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ခဲ့ပြီး သဘာဝဓာတ်ငွေ့သုံး Myanmar Lighting Power Co., Ltd (IPP) မှ ထုတ်လုပ်သော ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် လက်ခံရယူကာ မော်လမြိုင်–ဘားအံ ဓာတ်အားလိုင်းမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နေမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့သည်။
ထို့ပြင် ၆၆ ကေဗွီ ဓာတ်အားလိုင်းများမှတဆင့် မော်လမြိုင်ခရိုင်အတွင်း မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်း စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဝန်ကြီးက ဓာတ်အားခွဲရုံသည် အများပြည်သူများအတွက် ဓာတ်အား ပို့လွှတ်နှင့် ဖြန့်ဖြူးပေးနေသော အရေးပါသည့် အခြေခံအဆောက်အအုံဖြစ်ကြောင်း၊ ထို့ကြောင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားခွဲရုံအတွင်းရှိ လျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများကို အစဉ်အမြဲ ကြံ့ခိုင်ကောင်းမွန်နေစေရန် စနစ်တကျ ထိန်းသိမ်းပြုပြင်၍ ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့ပြင် ဓာတ်အားပစ္စည်းများ ချို့ယွင်းမှုကြောင့် ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများသို့ ဝန်ဆောင်မှုအများဆုံးပေးဆောင်ရသည့် ဌာနဖြစ်သဖြင့် ရရှိသည့် ဓာတ်အားခွဲတမ်းနှင့် အသုံးပြုမှုအခြေအနေများကို ပြည်သူများ သိရှိစေရန် ပွင့်လင်းဖော်ပြရန်နှင့် ခွဲတမ်းများကို မျှမျှတတ ဖြန့်ဝေရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အပြင် ဓာတ်အားခွဲရုံအတွင်းနှင့် အပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ၆၆/၃၃ ကေဗွီ၊ (၃၀+၃၀)အမ်ဗွီအေ၊ ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ငန်းတေး ဓာတ်အားခွဲရုံ၊ ၆၆/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ မော်လမြိုင်(တောင်) ဓာတ်အားခွဲရုံ၊ ၆၆/၁၁ ကေဗွီ ၃၀ အမ်ဗွီအေ မော်လမြိုင်(မြောက်) ဓာတ်အားခွဲရုံနှင့် ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ အတ္ထရံဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ မော်လမြိုင်မြို့အတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းများဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားရရှိမှုပေါ်မူတည်၍ Planned Load Shed ဖြင့် ဓာတ်အားပေးနေမှု အခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် မော်လမြိုင်မြို့အတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းများမှတဆင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် နိုင်ငံတော်ဓာတ်အားရရှိမှုပေါ်မူတည်၍ Planned Load Shed စနစ်ဖြင့် ဓာတ်အားပေးနေမှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များကို ဖြည့်စွက်ညွှန်ကြားခဲ့ကြောင်း သိရသည်။




#PAN