(မှုခင်း) စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်စာများရေးသားထားသည့် စတေကာများဖြင့် အများပြည်သူ သွားလာနေသည့်နေရာများ၌ စတေကာကပ်၍လှုံ့ဆော်သူအမျိုးသား ၂ ဦးအား ဖော်ထုတ် ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်စာရေးသား ထားသည့်စတေကာများကို လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဘန်းကျေးရွာ၊ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင် လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ကပ်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါလမ်းညွှန်ဆိုင်းဘုတ်ပေါ်၌ အလျား ၇ လက်မ၊ အနံ ၄ လက်မခန့်ရှိ နောက်ခံအနီရောင်ပေါ်တွင် အဝါရောင်ဖြင့် ရွေးကောက်ပွဲအား ဆန့်ကျင်လှုံ့ဆော်ရေးသားထားသည့် စာသားပါစတေကာတစ်ရွက်နှင့် အနက်ရောင်မဲပုံးပေါ်တွင် ကျည်ဆန် ပုံသဏ္ဌာန်များပါ စတေကာတစ်ရွက်တို့ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်း၍ ကျူးလွန်သူများအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မ ရဲစခန်း(ပ)၈၁၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်လှစ်၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး အတွက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေသူများဖြစ်ကြသည့် အောင်ရဲထွဋ်(ခ)ရဲထွဋ်၊ ၂၄ နှစ်နှင့် ရန်နိုင်ကြည်ဝင်း(ခ)ရန်နိုင်(ခ) အကြီးကောင်၊ ၂၃ နှစ်တို့ကို စက်တင် ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်တွင် ၎င်းတို့နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့၏ထွက်ဆိုချက်များအရ ၎င်းတို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပျက်ပြားစေရန် ရည်ရွယ်၍ စက်တင်ဘာလ ၁၃ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အများပြည်သူနှင့်သက်ဆိုင်သောနေရာ ၁၀ နေရာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်ရေးသားထားသည့် စာသားပါစတေကာ များဖြင့် အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#PAN