(မှုခင်း) ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာအနီး၌ ပီနံအိတ်များတင်ဆောင်နေသည့် မော်တော်ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူပါဆပ်ပြာခွက်များကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဩဂုတ် ၇ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် သတင်းအရစစ်ဆေးစဉ် မန္တလေးသို့ သယ်ဆောင်ကြမည့် ဘိန်းဖြူ ၁၇၁ ဒသမ ၆ ကီလို(ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံ)ရှိ ဘိန်းဖြူပါဆပ်ပြာခွက်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကင်းကျေးရွာအနီး၌ တင်မိုး မောင်းနှင်သည့် BGO-11 9P-xxx MAZDA BONGO ယာဉ်နှင့် ရာဇာထွန်း မောင်းနှင်သည့် SGG-20 8K-X I ZONE ယာဉ် ၂ စီး ပေါ်သို ဘိန်းဖြူပါဆပ်ပြာခွက်များ ထုပ်ပိုးထားသည့် ပီနံအိတ်များတင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ ၁၇၁ ဒသမ ၆ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံ)ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး တာဝန်ခံသယ်ဆောင်လာသူ တံတားဦးမြို့နယ်နေ ကျော်လွင်ဦး နှင့် မော်တော်ယာဉ်များ ပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင်ပေးသူများဖြစ်သည့် ကလောမြို့နယ်နေ ဖိုးပိုင် အပါအဝင် ၂၂ ဦး တို့ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ ဘိန်းဖြူများအား ကလောမြို့နယ်မှ ရမည်းသင်းမြို့နယ်သို့ သယ်ဆောင်ခိုင်းသူမှာ ချစ်သူ(ဖမ်းဆီးရန်ကျန်တရားခံ)ဖြစ်ပြီး ၎င်း၏ စေခိုင်းချက်အရ ဖိုးပိုင်ပါ ၂၂ ဦးတို့သည် ကလောမှ ရမည်းသင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ မန္တလေးသို့ တာဝန်ခံသယ်ဆောင်ခိုင်းသူမှာ ကြူကြူမြင့်(ဖမ်းဆီးရန်ကျန်တရားခံ) ဖြစ်ကြောင်းသိရှိရပြီး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှု ကျူးလွန် သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
#PAN