(မှုခင်း) သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာကားပါကင်၌ဖြစ်ပွားခဲ့သည့် ဓားထိုးမှုတွင်ကျူးလွန်ခဲ့သည့် တရားခံများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့များမှ စုံစမ်းဖော်ထုတ်ချက်များအရ ဩဂုတ်လ ၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲ မြို့မအဝင်ဂိတ်တွင် ပစ်မှုကျူးလွန်သူအား ဇနီးဖြစ်သူ မအေးစုအိစံ(ခ)ဘေဘီ(၂၆)နှစ်(ဘ)ဦးဝင်းချို အင်းစိန်မြို့ နယ်၊ တောင်သူကုန်းရပ်ကွက်၊ သိပ္ပံ(၉)လမ်း၊ Royal Thiri ကွန်ဒို၊ အမှတ်(၆၀၈)နေသူနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့ နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး(၅၉)နှစ်သည် တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ(၃၀)နှစ်နှင့်အတူ ဗဟန်းမြို့ နယ်ရှိ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင်ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
သတင်းအရ ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့ မရဲစခန်း၌(ပ)၁၉၉/၂၀၂၅၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ တရားခံ ၂ ဦးမှာ မြန်မာပလာဇာသို့ YGN-43 11/1190 Toyota Vitz အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ၅၇ မိနစ်အချိန်တွင် ရောက်ရှိလာပြီး B2 ကားပါကင်တွင် ရပ်ထားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေး စီးနင်းလာသည့် YGN-13 4M-8749 Toyota Harrier အဖြူရောင်ယာဉ်သည် မွန်းလွဲ ၂ နာရီ ၂ မိနစ်အချိန်တွင်ရောက်ရှိလာပြီး B2 ကားပါကင် Aဇုံအနီးတွင် ရပ်တန့်၍ ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မော်တော်ယာဉ်ပေါ်မှဆင်းပြီး မြန်မာပလာဇာ ပေါ်သို့ တက်သွားခဲ့ကြောင်း၊ တရားခံ ၂ ဦး စီးနင်းလာသည့် မော်တော်ယာဉ်သည် ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ ပြောင်းလဲရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မြန်မာပလာဇာပေါ်မှ ဆင်းလာပြီး၎င်းတို့ ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ ၂ ဦးမှ ကားပေါ်မှဆင်းပြီးဒေါ်စမ်းစမ်းအေးအား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဦးလတ်ခန်အရေမှ ပြန်လည်ခုခံသဖြင့် တရားခံ ၁ ဦးမှဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း၊ တရားခံ ၂ ဦးသည် အခင်းဖြစ်နေရာမှ မြန်မာပလာဇာရှေ့ ကမ္ဘာအေးဘုရားလမ်းပေါ်သို့ ထွက်ပြေးကာ တက္ကစီယာဉ်အမှတ် YGN-33 FF-1233 Toyota Caldinaအဖြူရောင်ယာဉ်အား ငှားရမ်းပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်သွားကြောင်း၊ YGN-33FF-1233 Toyota Caldina ယာဉ်မောင်းအား စစ်ဆေးခဲ့ရာ အဆိုပါတရားခံ ၂ ဦးအား အင်းစိန်မြို့နယ်၊ ပြည်လမ်း ၁၀ မိုင်ကုန်း ကားမှတ်တိုင်အနီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ တရားခံ ၂ ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်အား ပြသမေးမြန်းခဲ့ရာတစ်ဦးမှာ မိခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်ပြီး မိခင်ဖြစ်သူအား အကြွေးပေးရန်ရှိသူ တောင်ဥက္ကလာပမြို့ နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City တွင်တည်းခိုနေထိုင်သူ မြတ်သူရကျော်(၃၁)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ တရားခံ မြတ်သူရကျော်အား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူဒေါ်စမ်းစမ်းအေးအားပေးရန် အကြွေးများရှိသဖြင့် ငွေကြေးလိုအပ်ချက်များကြောင့် လုပ်ကြံသတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
#PAN