(နိုင်ငံတကာ) ဇွန် ၁
မြန်မာနိုင်ငံဘက်ကို သယ်ဆောင်မယ့် ကောက်ရိုးထုံးတွေအတွင်းက ပစ္စတို သေနတ် ၂၅ လက်ကို ထိုင်းအကောက်ခွန်ဂိတ်က ဖမ်းဆီးရမိတယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်တံတားကတဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကနေ မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်ကို ဝင်ရောက်ဖို့ တန်းစီနေတဲ့ သုံးဘီးယာဉ်တစ်စီးကို ထိုင်းအကောက်ခွန်ဂိတ်က စစ်ဆေးရာမှာ ကောက်ရိုးထုံးတွေအတွင်းမှာ ဝှက်ထားတဲ့ လက်လုပ်ပစ္စတို သေနတ် ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညနေ ၆ နာရီခန့်က ဖမ်းဆီးရမိခဲ့ဖြစ်ပြီး သေနတ်တွေကိုသယ်ဆောင်လာတဲ့ သုံးဘီးယာဉ်နဲ့အတူ ယာဉ်ပေါ်မှာပါလာတဲ့ အသက် ၃၄ နှစ်နဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးရမိသူတွေကတော့ သူတို့ဟာ တံတားပိတ်ချိန်နီးတဲ့အတွက် တံတားကိုအမြန်မောင်းလာချိန် လမ်းမှာ လူတစ်ဦးကတားဆီးကာ ကောက်ရိုးထုံးကို တာချီလိတ်ဘက်ကို ဘတ် ၄၀၀ နဲ့ ပို့ဆောင်ခိုင်းတာကြောင့် တံတားပိတ်ချိန်နီးတဲ့အတွက် သေချာစွာမစစ်ဆေးဘဲ တင်ဆောင်လာမိတာဖြစ်တယ်ဆိုပြီး ထွက်ဆို ထားတယ်လို့လည်း မဲခေါင်းသတင်းတစ်ရပ်အရ သိရပါတယ်။
#PAN