ပြင်ခဏနဲ့ ငလျင်ပေးတဲ့သင်ခန်းစာ

(ဆောင်းပါးကဏ္ဍ) မေ ၂၇
နေဇင်လတ်

      ကမ္ဘာ့စံချိန်ဝင်အထိကြီးမားခဲ့တဲ့ သမိုင်းဝင်ငလျင်ကြီးကတော့ မြန်မာနိုင်ငံမှာ ဝမ်းနည်းစွာဖြစ်ပွားသွားခဲ့ပါပြီ။ တကယ့်အိပ်မက်ဆိုးကြီးဖြစ်ပါတယ်။ ၇ ဒသမ ဝ မဂ္ဂနိကျုလောက်ဆိုရင် တောင် အလဲလဲအကွဲကွဲနဲ့ပျက်စီးမှုအားကြီးပါတယ်။ ၂၈- ၃- ၂၅ ရက် က မြန်မာ နိုင်ငံမှာဖြစ်သွားခဲ့တဲ့ ငလျင်က ၇ ဒသမ ၇ မဂ္ဂနိကျုဆိုတော့စဉ်းစားသာကြည့်ကြပါတော့။ ဒီအဆင့် ပြင်းအားမျိုးနဲ့ လှုပ်ခတ်ရင် အမေရိကန်လိုနိုင်ငံမျိုးမှာတောင်အရပ်ကယ်ပါ၊ လူဝိုင်းပါနဲ့ နိုင်ငံတကာကဆင်းပြီးကူညီရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ မပြည့်စုံတဲ့မြန်မာနိုင်ငံလို နေရာမျိုးမှာ၊ ပြီးတော့ပြည်တွင်းစစ်ဖြစ်နေတဲ့ အချိန်မျိုးမှာဆိုတော့ထိခိုက်မှုက ပိုကြီးတော့မှာ သေချာပါတယ်။

      ဒီလိုခက်ခဲမှုကြီးမားနေတဲ့အချိန်မှာ နိုင်ငံ တကာကပေးတဲ့အကူအညီကို “တားဆီး” နေကြတဲ့သူတွေရဲ့စိတ်ဓာတ်က တင်စားဖို့တောင်စကားလုံးရှာတွေ့မယ်မထင်ပါ။ ဒီအတ္တနဲ အကုသိုလ်စိတ်က သံသရာဘဝအဆက်ဆက်အထိ အကျိုးပေးမယ်ဆိုတာကိုလည်းသိဟန်ရှိကြမယ်မထင်။

အပျက်အစီးအလွန်ကြီးသွားခဲ့တယ်

      မြန်မာနိုင်ငံဟာ စစ်ကိုင်း ပြတ်ရွေ့ကြောကြီးပေါ်မှာရှိနေပါတယ်။ နှစ်(၇ဝ-၁ဝဝ) အကြာမှာအကြီးစားငလျင် တစ်ခုလှုပ်လေ့ရှိတယ်လို့ပညာရှင်တွေက သတိမှာ အကြိမ်ကြိမ်ပေးခဲ့ကြတယ်။ မြေသားအလွှာနှစ်ခု ပွတ်တိုက်မှုကနေ ငလျင်ဖြစ်လာတာလို့ အကြမ်းဖျင်းမှတ်သားလို့ရပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောတစ် ဖက် “Sunda”  ဆိုတဲ့ ကမ္ဘာ့အပေါ်လွှာမြေပြင်က တစ်နှစ်ကို 49 mm နဲ့ရွေ့လျားနေတယ်။ အခြားတစ်ဖက်မှာက ဆန့်ကျင်ဘက်လားရာနဲ့ရွေ့တယ်။ အဲ့ဒီမှာ ငလျင်ဖြစ်တော့တာပါ။

      သာမန်ထက်အလွန်အင်အားပိုသွားတာက မြေ အောက်သိပ်အနက်ကြီးထဲမှာ မဖြစ်ဘဲခပ်တိမ်တိမ်မှာဖြစ်သွားတဲ့အတွက်ကြောင့် ပိုပြီးပြင်းထန်သွားရတာပဲဖြစ်ပါတယ်။ အားလုံးဟာ ဒီအချိန် ဒီအခါမှာ တိုက် ဆိုင်စွာဖြစ်လာခဲ့ကြတာမို့ ကံတရားအရပဲလို့သာဆိုရပါလိမ့်မယ်။ ဒီတစ်ခါ ငလျင်ဟာ ပိုပြီးပြင်းထန်တာရယ်၊ နိုင်ငံရဲ့အခြေအနေအားနည်းနေတာတွေရယ်နဲ့ တိုက်ဆိုင်သွားလို့ပိုပြီး ပျက်စီးသွားခဲ့ရပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ နေပြည်တော်၊ တံတားဦး၊ ရမည်းသင်းစတဲ့မြို့တွေ ကုန်သလောက် အမှိုက်ပုံကြီးတွေဖြစ်သွားခဲ့တယ်။ လမ်းခရီးတွေပါပျက်စီးသွားတာကလူ့အသက်တွေ သေပျောက်မှုပိုလာစေခဲ့ပါတယ်။ နယ်မြေမတည်ငြိမ်မှုကပါ ဘူးလေးရာဖရုံ ထပ် ဆင့်ခဲ့လို့ အကူအညီပေးချင်တဲ့ အဖွဲ့တွေ တော် တော်များများ မစွန့်စားချင်ကြတော့တာလည်းတွေ့ရတယ်။

      အမေရိကန်ငလျင်ပညာရှင်များအဖွဲ့ကတော့ ၇ ဒသမ ၇ ပြင်းအားရှိတဲ့ မြန်မာ့ငလျင်မှာ လူပေါင်း (၁၀,ဝဝဝ – ၁၀၀,၀၀၀)ကြားထဲမှာအသေ အပျောက်ရှိမယ်လို့ ခန့်မှန်းချက်ပေးထားတယ်။အသည်းအသန်ကယ်ဆယ်ရေး လုပ်ဆဲကာလမို့ စာရင်းအတိအကျတော့ ထွက်မလာနိုင်သေးပါဘူး။ လောလောဆယ်လူပေါင်း ၃ဝဝဝ ကျော်တော့ အသက်တွေ စွန့်လွှတ်သွားလိုက်ရပါပြီ။အစိုးရကလည်းနေ့မအား၊ ညမအား အန္တရာယ်ရှိတဲ့နေရာတွေကို သွားရောက်ခဲ့ပါတယ်။ ငလျင်ဒဏ်ခံ ဧရိယာက တစ်နံတစ်လျားကျယ်ပြန့်လွန်းနေတော့လည်း ရှိတဲ့အားနဲ့မမျှမတဖြစ်နေတာတွေ့ရတယ်။ ပြည်ပနိုင်ငံအတော်များများကလည်းကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ကူညီခဲ့ကြတာတွေ့ရတယ်။ ဘယ်လောက်အထိ ကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားခဲ့ကြသလဲဆိုရင်လေးရက် ကြာပိတ်မိနေတဲ့သူကိုတောင် ကယ်ထုတ်ပေးနိုင်ခဲ့ကြတာတွေ့ရတယ်။ “ဦးခေါင်း” ကလွဲပြီး တစ်ကိုယ်လုံးမြုပ်နေတဲ့ အမျိုး သမီးငယ်ကိုလည်း ကယ်ထုတ်ပေးနိုင်ခဲ့ပြီး လည်ပင်းကိုထုပ်တန်းပိ၊ လှုပ်မရတဲ့ကလေးငယ်တစ်ဦးကိုလည်းသုံးရက်အကြာမှာ ကယ်ထုတ်နိုင်ပေးနိုင်ခဲ့ကြတယ်။ကိုယ်ဝန်ငါးလသားနဲ့ သားသည် မိခင်ကိုလည်းကယ် ဆယ်နိုင်ခဲ့သလို၊ အသက် ၈၃ နှစ်အဘွားအိုကိုလည်း သုံးရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့ကြတာတွေ့ရတယ်။

Crisis Management

      ကပ်ကာလစီမံခန့်ခွဲမှုဟာ နိုင်ငံတိုင်းမှာအသင့်ဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရလေ့ရှိပါတယ်။ ငလျင်၊ ရေကြီး၊ မြေပြို၊ မုန်တိုင်း၊ မီး လောင်စတာတွေဟာ အချိန်အခါမရွေးဖြစ်တတ်ပြီး နောက်ဆုံးစစ်တွင်းကာလအထိ စဉ်းစားထားရလေ့ရှိပါတယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ Crisis Management နဲ့ ပတ်သက်ပြီး စီမံချက်တစ်ခုကို ရေးဆွဲပေးခဲ့တယ်။ ချက်ချင်းအရေးယူတုံ့ပြန်နိုင်ဖို့ ပြည်နယ်/တိုင်းအုပ် ချုပ်ရေးက ဆောင်ရွက်ရပါတယ်။ ပြီးတော့ ဗဟိုအစိုးရကလိုက်ပါလာတယ်။ ဘယ်လောက်အထိ လက်တွေ့အသုံးချ၊ ပြင်ဆင်ထားခဲ့ကြသလဲတော့မသိပါ။ ကယ်ဆယ်ရေးပစ္စည်းတွေကအစကျန်းမာရေးအတွက်ပါဝင်ပါတယ်။ Crisis Management မှာ –
• ကယ်ဆယ်ရေး (အရေးပေါ်ကာလ)
• ဖယ်ရှားရှင်းလင်းရေး
• ပြန်လည်ထူ ထောင် ရေးစသဖြင့် အပိုင်းတွေရှိတယ်။

      အရေးပေါ်ကာလ၊ ကယ်ဆယ်ရေးအပိုင်းက အရေးကြီးဆုံးဖြစ်ပါတယ်။ ဒဏ်ရာရနေသူတွေအတွက် နာရီပိုင်းနဲ့အမျှ အရေးကြီးပြီး သာမန်ဒဏ်ရာရနေသူတွေအတွက် နှစ်ရက်လောက်က အလွန်အရေးကြီးလှပါတယ်။ အခုလို ငလျင်ကြောင့် ဖြစ်တဲ့ ကိစ္စ တွေမှာဆိုရင် အင်မတန်လေးလံတဲ့ ကွန်ကရစ်အပျက်အစီးတွေကို ဖယ်ရှားဖို့ ယာဉ်ယန္တရား၊စက် ပစ္စည်းတွေလိုအပ်ပါတယ်။ တရုတ်အဖွဲ့က အသုံးပြုသွားတဲ့ ဒရုန်းနဲ့ ဆလိုက်မီးဟာ အတော်အသုံးတည့်တာ တွေ့ရတယ်။ ဖြတ်တောက်ဖို့ စက်ပစ္စည်းတွေလိုအပ်သလို၊ ဘယ်နေရာမှာအသက်ရှိနေသေးတဲ့ လူတွေရှိနေသလဲဆိုတဲ့ ပုံရိပ်ပြခေတ်မီကိရိယာတွေလည်း လိုအပ်ပါတယ်။ လာရမှာဖြစ်ပါတယ်။ မြို့ပုံစံ၊ ရွာပုံစံကိုတော့ ထိုက်သင့်တဲ့အချိန်ယူစေလိုပါတယ်။ ERO တွေ အနှောင့်အယှက်မပေးဖို့ကလည်းအရေးကြီးပါတယ်။

မြင်တွေ့ရသလောက်

       ၇ ဒသမ ၇ Magnitude ဆိုတာ အင်မတန်အင်အားကြီးပါတယ်။ တော်ရုံအဆောက်အဦတွေမခံနိုင်ပါဘူး။ ဒါပေမဲ့ အဆောက်အဦတွေ ဘယ် လိုပြိုလဲသွားသလဲဆိုတဲ့ ပုံစံကိုကြည့်ပြီး အင်ဂျင် နီယာဘာသာသင်ကြားခဲ့ဖူးကြသူတွေကခန့်မှန်း နိုင်ကြပါတယ်။

      “သစ်သားအုတ်ညှပ်”က မပြိုလဲဘဲ၊ ဘေးက သံကူကွန်ကရစ်နဲ့အဆောက်အဦက ပြိုလဲသွားတာက ဆောက်လုပ်ရေးအရည်အသွေးနဲ့ဆိုင်ပါတယ်။ ဘေးက အထပ်တူတိုက်နှစ်လုံးဘာမှမဖြစ်ပဲ၊ အလယ်က တိုက်တစ်လုံးတည်းပြိုသွားတာကလည်း အရည် အသွေးပိုင်းဆိုတာ ဘယ်လိုမှငြင်းမရပါဘူး။ အလယ် တစ်လုံးက ညှပ်”အားရှိထားလို့ ပိုပြီးတောင် မပြိုလဲသင့်ပါ။

      အထပ်မြင့်အဆောက်အဦတစ်လုံး မြေထဲကို ငါးထပ်လောက်“ကျွဲ”ဆင်းသွားတာကလည်း “မြေသားသိပ်သည်းမှု” “ဖောင်ဒေးရှင်း”တွေနဲ့ တိုက် ရိုက်သက်ဆိုင်နေတယ်ဆိုတာ ဘွဲ့ရအင်ဂျင်နီယာမဆိုထားနဲ့စက်မှုကျောင်းသား တတိယနှစ်လောက်မှာကိုသိရမယ့် အခြေခံလောက်သာဖြစ်ပါတယ်။အခုပျက်စီးသွားတာတွေလေ့လာရင်-
• ငလျင်ပြင်းအားကြီးမားခြင်း
• အင်ဂျင်နီယာဆောက်လုပ်ရေးပိုင်းအင်အားနည်းခြင်း ဆိုပြီးနှစ်ပိုင်းတွေ့ရပါလိမ့်မယ်။

      အင်ဂျင်နီယာပိုင်းအားနည်းတာကိုတော့ နစကဥက္ကဋ္ဌကိုယ်တိုင် လိုက်လံစစ်ဆေးပြီးတွေ့ရှိသွားပြီဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်၊ ကိုယ်တိုင်နေဖို့ အိမ်နှစ် လုံးဆောက်ပါတယ်။ Site ထဲကိုသွားစစ်ပါတယ်။ ထုပ်တွေမှာ သံချည် သံကွေးမှားလို့ မကြာခဏပြန်ပြင်ပေးခဲ့ရဖူးပါတယ်။”သံချောင်းတွေက ဒီလောက်သုံးထားတာပဲ” ဆိုပြီးပြောလို့ မရပါ။ Bend Up, Bend Down နေရာတွေမှာအတော်မှားယွင်းနေကြတာ တွေ့ရတယ်။

      “တိုင်”လို့ပြောတဲ့ Column တွေဟာ ငလျင်မလှုပ်ရင်တော့ တော်ရုံအမှားကိုခံနိုင်ကြတယ်။ “ဖိအား”ကိုခံနိုင်တယ်လို့ ဆိုလိုတာပါ။ငလျင်လှုပ်ရင်တော့ မခံနိုင်ကြပါ။ဒါပေမဲ့“ထုပ်” တွေက တော့ “ပြတ်အား”ကိုမခံနိုင်ကြပါဘူး။ ဒါဟာအခြေခံအကျဆုံးသဘောတရားပါ။ “ခွာ”လို့ပြောတဲ့ Footing တွေကလည်း အလွန်အရေးကြီးပါတယ်။ အပေါ်အလေးချိန်တစ်ခုလုံးကို “အား” တွေ ဖြန့်ခွဲပြီးထမ်းထားကြရတာပါ။

      အောက်ကို ငါးထပ်လောက်နစ်ဆင်းသွားတဲ့အဆောက်အဦဟာ –
• မြေသားအမာခံအားနည်းမှု
• ဒီဇိုင်းအားနည်းမှုတွေကြောင့် ဖြစ်ရတာကို စစ်ဆေးရေးမလုပ်ပဲတောင် သိသာနိုင်ပါတယ်။

ပျက်အစဉ်ပြင်ခဏ

      မြန်မာ့ဆိုရိုးစကားမှာ “ပျက်အစဉ်၊ ပြင်ခဏ” ဆိုတာရှိပါတယ်။ ထိုင်းမှာတော့ ပျက်စီးသွားတဲ့အဆောက်အဦတွေကို ဘာကြောင့်ပျက်စီးရသလဲဆို တာကိုအစိုးရကဝင်စစ်ဆေးနေပါပြီ။ဆောက်လုပ်ရေးအရည်အသွေးမှန်ပြီး ငလျင်ဒဏ်မခံနိုင်တာကိုတော့ ကင်းလွတ်ခွင့်ရကြမှာဖြစ်ပြီးဆောက်လုပ်ရေးအရည် အသွေးညံ့ဖျင်းမှုအတွကတော့ အရေးယူခံရမှာဖြစ်ပါတယ်။

      အင်္ဂလိပ်လက်ထက်က ကျင့်သုံးလာတဲ့ ဗြူရိုကရေစီယန္တရားဆိုတာရှိပါတယ်။ ပြောရရင် အုပ်ချုပ်မှုပုံစံအစဉ်အဆက် (Process)ကို ခေါ်တာပါ ။ မြန်မြန်ဆန်ဆန်ပြီးဖို့၊ အရည်အသွေးမှန်ဖို့၊ အားလုံးတစ်ပြေးညီလိုက်နာကြဖို့ပါ။ စာရေးသူတို့ခပ်ငယ်ငယ်လောက်အထိ အဲ့ဒီအရည်အသွေးတွေရှိနေကြပါသေးတယ်။ နောက်ပိုင်းမှာတော့မူလရည်ရွယ်ချက် ပျောက်သွားပြီး အဲ့ဒီဗြူရိုကရေစီယန္တရားကို အခွင့်အရေးတစ်ခုအဖြစ် အသုံး ချလာတာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် စာရေးသူတို့နေထိုင်တဲ့ ရွှေတောင်ကြားရပ်ကွက်ဟာ မူလကလူနေဆိတ်ငြိမ်ရပ်ကွက် (Residential Area) ဖြစ်ပါတယ်။ Public Area မဟုတ်ပါဘူး။ ဒါကြောင့် လမ်းတွေကကျဉ်းကြတယ်။ လေးထပ်ထက်ပိုဆောက်ခွင့်မရှိပါဘူး။ အခု ပုဂ္ဂလိကကျောင်းသုံးကျောင်း
လောက်ဖွင့်ခွင့်ပေးထားတော့ အရေးအကြောင်းရှိရင်ထွက်ဖို့ မလွယ်လှပါဘူး။ လေးထပ်ထက်မြင့် တဲ့အဆောက်အဦတွေကိုလည်း ခွင့်ပြုလာခဲ့ပါတယ်။

       စည်ပင်ခွင့်ပြုချက်ရယူကြရာမှာလည်း ကန် ထရိုက်တိုက်တွေဆိုရင် ဒီဇိုင်းကိုကိုယ်တိုင်တောင်မဆွဲတော့ပါဘူး။ စည်ပင်မှာရှိတဲ့ အလားတူဒီဇိုင်းကိုပဲ အသုံးချပြီးတင်ကြတာတွေလည်းတွေ့ရပါတယ်။ အင်ဂျင်နီယာကြီးကြပ်မှု၊ အဆောက်အဦစစ်ဆေးရေးတွေကလည်း စာရွက်ပေါ်မှာသာရှိကြပြီး မြေပြင်မှာ “အလည်လာတဲ့” သဘောနဲ့ပြီးသွားတာတွေ့ကြရပါတယ်။

      အားမနာတမ်းပြောရရင်တော့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့အခြေအနေမျိုးပါ။ အဲ့ဒါက ကဏ္ဍတိုင်းမှာဖြစ်နေပါတယ်။ ကျန်းမာရေးပိုင်းမှာဆိုရင်လည်း ဆရာဝန်ကြီးတွေ ညွှန်းတဲ့ဆေးကို ပဲအသုံးပြုနေကြရတယ်။ ပိုကောင်းတဲ့ဆေးက “လိုင်း”မဝင်ရင်‘ညွှန်းဆေး”မှာ မပါဝင်တော့ပါဘူး။

      ဗြူရိုကရေစီယန္တရားဆိုတာ စံချိန်စံညွှန်းတွေသတ်မှတ်ပြီး အတိအကျလိုက်နာစေတဲ့စနစ်ပါ။ ပိုမြန်ဆန်အောင်အဆင့်ဆင့် တာဝန်ယူရတဲ့စနစ်ပါ။နောက်ပိုင်းသူတွေက ဒါကိုပဲလုပ်ပိုင်ခွင့် တစ်ရပ်အနေနဲ့အသုံးချပြီး တလွဲသုံးနေရာကနေ ဒီနေ့ကျယ်ကျယ် ပြန့်ပြန့်ဖြစ်သွားခဲ့ပါတယ်။

      နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် အရာအားလုံးကိုပြင် ဆင်ရမှာပါ။ ပျက်စီးနေတဲ့ စနစ်နဲ့တိုးတက်တဲ့ နိုင်ငံရယ်လို့လည်းမရှိပါ။ ဒါကြောင့် စနစ်ပိုင်းဆိုင်ရာမှာ ကဏ္ဍအားလုံးကိုပြင်ဆင်သွားမှ အမှန်တကယ် တိုး တက်တဲ့နိုင်ငံဖြစ်လာနိုင်ပါလိမ့်မယ်။သက်ဆိုင်ရာပရော် ဖက်ရှင်နယ်တွေမှာလည်းအမှန်တကယ်ကျွမ်း ကျင်သူတွေကို ခန့်ထားဖို့လိုမှာဖြစ်သလို၊ ကျောသား၊ ရင်သားခွဲခြားမှုမရှိပဲ” ဆုပေး၊ ဒဏ်ပေး”စနစ်ကို ကျင့် သုံးနိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။

       ပျက်အစဉ် ပြင်ခဏဖြစ်ပါတယ်။
       ပြင်ဆင်ဖို့လိုပြီဆိုတာကို ဦးစွာသိဖို့ လိုပါတယ်။

#PAN