(ပြည်တွင်း) မေ ၂၆
ဘီးလင်း-နတ်ကြီးသွားကားလမ်းမကြီးပေါ်ရှိ ပေ ၈ဝ အရှည်ရှိတဲ့ တညင်ပင်ဝန်း သံကူကွန်ကရစ်တံတားကို KNLA နဲ့ PDF အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

KNLA နဲ့ PDF အကြမ်းဖက်သမားတွေဟာ ဒီနေ့ မနက်ပိုင်းမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့ နယ်၊ တညင်ပင်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီး ပေါ်ရှိတဲ့ မိုင်တိုင်အမှတ်၊ ၁၆/၂ နှင့် ၃ အကြား အရှည် ၈၀ပေ၊ အကျယ် ၂၄ ပေရှိတဲ့ တညင်ပင်ဝန်း သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၃/၁၇)အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

မိုင်းဖောက်ခွဲခံရမှုကြောင့် သံကူကွန်ကရစ်တံတားရဲ့ တောင်ဘက် ကမ်းကပ်ခုံကနေ ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး လူနဲ့ မော်တော်ယာဉ်တွေဖြတ်သန်းသွားလာနိုင်မှုမရှိတော့ဘူးလို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ၃ လလောက်က ဒီကောင်တွေပဲ မိုင်းခွဲခဲ့သေးတယ်။ အဲ့ဒီတုန်းက ဒီလောက်အထိမပျက်သေးတော့ ဒေသခံတွေသွားလာလို့ရအောင် BGF က ယာယီပြုပြင်ခဲ့ပေးတယ်။ သွားလို့ လာလို့ရနေတယ်။ အခုဖျက်ဆီးလိုက်တာက ဆိုင်ကယ်တောင်သွားလို့မရတော့ဘူး” လို့ လမ်းအပေါ်မှီခိုနေရတဲ့ ဒေသခံတွေက ပြောပါတယ်။
ပျက်စီးသွားတဲ့ တံတားကို တာဝန်ရှိသူတွေက ပြန်လည်ပြုပြင်တဲ့လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။