အမရပူရမြို့နယ်ရှိ မုန့်တိုက်တွင် မီးလောင်မှု ဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာရှိ “ရွှေဝဝ”မုန့်တိုက်တွင် စက်တင်ဘာ ၂၅ရက်၊ ည ၁၀နာရီ ၂၀မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သံရည်ကျိုအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ တောင်သမန်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လောကပါကအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရာတော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နတ်ရေကန်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ Myanmar resscueမှ ရေသယ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀နာရီ ၃၅မိနစ် အချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုနှင့်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၃ရက် ညနေပိုင်းအချိန်ကလည်း အမရပူရမြို့နယ်၊မှန်တန်းရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းအနီး၊ အေးဇရပ်ရှိ နေအိမ်တအိမ်တွင် ဆိုလာဘက်ထရီအပူလွန်ကာ မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။