စာဖတ်ခြင်း၏ အရသာ

(ဆောင်းပါးကဏ္ဍ) မေ ၁၁
ချစ်နိုင်စစ်ပညာ

     တွေ့သမျှသော စာအုပ်သည် ကြီးပွားရန်လမ်းအခွင့်ဖြစ်၏။ ဖတ်သမျှစာသည် ကြီးပွားရန်လမ်းအခွင့်ဖြစ် ၏။

     သတင်းစာ၌ပါသော သတင်းဟူသမျှသည် လမ်းအခွင့်ဖြစ်၏။ တိုင်းပြည်၌လှုပ်ရှားခြင်းဟူသမျှသည် ကြီးပွားရန် လမ်းအခွင့်ဖြစ်၏။တိုင်းပြည်၌ ငြိမ်သက်ခြင်းဟူသမျှသည် ကြီးပွားရန်လမ်းအခွင့်ဖြစ်၏။

     ထိုလမ်းအခွင့်တို့ကား လူကောင်းဖြစ်ဖို့ လမ်းအခွင့်၊ လူလိမ္မာဖြစ်ဖို့ လမ်းအခွင့်၊ သတိတရားများရဖို့ လမ်းအခွင့်၊ အဆွေခင်ပွန်းကောင်းရဖို့ လမ်းအခွင့်၊ အလုပ် အကိုင်ရဖို့ လမ်းအခွင့်များဖြစ်ကြလေရာ၊ လောကကြီးတစ်ခုလုံး၊ ပထဝီမြေမျက်နှာပြင်တစ်ပြင်လုံးသည် လမ်းအခွင့်တို့နှင့်ပြည့်နှက်နေကြလေသည်။
      ပီမိုးနင်း(၁၈၈၃-၁၉၄ဝ)
      (ကမ္ဘာ့မင်တန် ခေါ် ကြီးပွားအောင်မြင်ခြင်းစာအုပ်မှ)

      ဆရာကြီးပီမိုးနင်းက ကမ္ဘာလောကကြီးတစ်ခုလုံးတွင် လမ်းအခွင့်(အခွင့်အလမ်း)များနှင့်ပြည့်နှက်လျက်ရှိနေပုံကို အားတက်စရာကောင်းစွာဖော်ပြရေးသားခဲ့လေသည်။

     လောကကြီးမှာ ဤမျှအားတက်စရာကောင်းနေခြင်းကား လူသားသည် ကြားတတ်သောနား၊ မြင်တတ်သောမျက်စိနှင့်သိတတ်သောအသိဉာဏ်တို့ရှိခဲ့သော ကြောင့်ဖြစ်၏။ လူ့သမိုင်းတစ်လျှောက်တွင် ၂၁ ရာစု ခေတ်ကာလလောက်ထူးခြားဆန်းကြယ်စွာဖွံ့ဖြိုးတိုး တက်မှု တို့သည်မရှိခဲ့ဖူးပေ။

      ကားတွေလည်း အမြန်ဆုံးပြေးသော ကားမျိုး၊ ရထားတွေလည်း ကျည်ဆန်ရထားခေါ်ရအောင် လျင်မြန်လွန်းသော ရထားများ၊လေယာဉ်ပျံ၊ ပင်လယ်ကူးသင်္ဘောစသည်တို့အပြင် အာကာသကိုပင် ယာဉ်အမျိုးမျိုးဖြင့် ဂြိုဟ်တု၊ ဒုံးပျံများနှင့် လွန်းပြန်သွားလာနေကြပေပြီ။ ယနေ့ခေတ်မှာလူသားက ရိုဘော့ခေါ်စက်ရုပ်များကို စက်ရုံ၊ အလုပ်ရုံကြီးများတွင် ဆံချည်တစ်မျှင်စာလေးတောင် မလွဲမချော်အောင် အလုပ်ကိုကျွမ်းကျင်စွာ လူကဲ့သို့ လုပ်ကိုင်တတ်ကြသော စက်ရုပ်များကို ခိုင်းစေအသုံးချနေကြပြီး မျက် မှောက်ခေတ်လူတွေ၏ စွမ်းပုံတော်ပုံတွေကားပြော၍ မကုန်အောင် လူ့အဖွဲ့အစည်းကို ချမ်းသာကြွယ်ဝ၊ ပြည့်စုံတိုးတက်စေနိုင်သကဲ့သို့ အခြားတစ်ဖက်မှာလည်းအရေအတွက်များစွာသော လူပို၊လူညံ့၊လူမိုက်၊ လူတေ၊လူပေ၊လူ့အမှိုက်တွေလည်းများစွာရှိနေပေသေး၏။ အရင်းစစ်သော် အမြစ်မြေကဆိုသကဲ့သို့ စာမတတ်ပေမတတ်ဖြစ်သူလည်းရှိ၊ စာကိုရေးတတ်၊ ဖတ်တတ်ပါသော်လည်း ရေးခြင်း၊ မှတ်ခြင်း၊ ဖတ်ခြင်း၊ ကောင်းရာဘက်မှာ အသုံးချခြင်းမပြုဘဲ လု ယက်၊လိမ်ညာ၊ဖျက်ဆီး၊ မကောင်းမှုဘက်သာလုပ်ဆောင်သူတို့လည်း ရှိနေကြ၏။ အကြောင်းအရင်းအခြေအမြစ်ကား အသိဉာဏ်ခေါင်းပါး၊
အသိအမြင်လွဲမှား၊ အတွေးအခေါ်နည်းပါးခြင်းကြောင့်သာ။ စာမဖတ်၊ ပေမဖတ်နေခဲ့ကြသဖြင့် ဗဟုသုတမရှိ လောကကြီးမှာ ဘာတွေဖြစ်နေသလဲ၊ ဘာ့ကြောင့် ဘာတွေဖြစ်လာရသလဲမသိ၊ ထင်ရာ၊ မြင်ရာသာ စွဲပိုက်မိုက်မဲ၏။ အချို့က ပြောကြသည်။ “ဒီနေ့လူငယ်တွေ စာမဖတ်ကြဘူး” ဤစကား မျိုးကို နေရာအနှံ့အပြားတွင် ကြားရတတ်၏။ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယားနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုး တက်ကြခြင်းမှာ လူတွေက စာဖတ်ကြသည်။ အတတ် ပညာ၊ အသိပညာရှိကြသည်။ထို့ကြောင့် စိုက်ပျိုးထွက်ကုန်များက အရေ အတွက်ကောင်းသည်။ စက်ရုံ၊ အလုပ်ရုံများကလည်း ထွက်ကုန်အရေအတွက်များ သည်။ တရုတ်၊ အိန္ဒိယအရှေ့တောင်အာရှနိုင်ငံများပင်လျှင် နိုင်ငံအတွင်း လုံခြုံအေးချမ်းသဖြင့် ထုတ် ကုန်တွေ တိုးမြှင့်ကြသဖြင့် ဆယ်စုနှစ် နှစ်ခေတ် လောက်အတွင်း ကြီးပွားတိုးတက်သွားကြသည်။ ၂၁ ရာစုကာလအတွင်း ပညာရေးနိမ့်ကျလျက် ထွက်ကုန်နည်း ပါး လူတွေလည်း ဆင်းရဲနိမ့်ပါးကျန်ရစ်ခဲ့ရသည်မှာ မိမိတို့နိုင်ငံသာလျှင် ဖြစ်နေပါတော့ သည်။

      အသိပညာ၊ အတတ်ပညာ ပိုမိုတိုးတက်အောင်တစ်ဦးချင်းက တိုးတက်ချင်စိတ်ရှိကြရပေမည်။ ပညာကို နေ့စဉ်ကြိုးစား၍ ရှာဖွေဆည်းပူးမည်ဟု ခံယူကြရမည်။ ငွေကုန်ကြေးကျခံ၍ သင်တန်းအမျိုးမျိုးကိုမတက်နိုင်လျှင်ရှိစေဦး၊ ကုန်ကျစရိတ်အနည်းဆုံး၊ အနိမ့်ဆုံး၊ အသက်သာဆုံးနှင့်အကျိုးရှိပုံ အထိ ရောက်ဆုံးသော အလုပ်ကား စာဖတ်ခြင်းပင်ဖြစ်လေသည်။

      ဘယ်အရွယ်ပဲဖြစ်ဖြစ် စာဖတ်လျှင် အသိ ပညာ၊ အတတ်ပညာတိုးလာမည်။ မြန်မာစာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စာပဲဖြစ်ဖြစ်၊ ကွန်ပျူတာပညာပဲဖြစ်ဖြစ်၊ စာရင်းကိုင်ပညာပဲဖြစ်ဖြစ်၊ နေ့စဉ် ရက်ဆက်ကျက်မှတ်ရေးသားပြီး၊ လေ့ကျင့်ခန်းမှန်မှန်လုပ်သွားပါက မုချမလွဲ မိမိ၏ အရည် အချင်း တိုးတက်လာမည်ပဲဖြစ်၏။ သိပြီးသားတတ်ပြီးသားဟူ၍ မည်သူမျှမရှိ၊ စာရေးသူသည် အဋ္ဌမတန်းကျောင်းသားအရွယ်တွင် ငါကြီးလာရင် ဘာလုပ်မလဲဟု မိမိကိုယ်ကိုမေး၏။ စာရေး ဆရာလုပ်မည်ဟုဆုံးဖြတ်၏။ စာရေးဆရာဆိုသည်မှာ လူတစ်ထောင် တစ်သောင်းမှာ တစ်ယောက်တောင် မထွန်းပေါက်ပါ။ စာရေးဆရာတစ်ယောက်ပေါ်ပေါက်လာသည်ဆိုပါကလည်း ဆင်းဆင်းရဲရဲသာနေထိုင်၍သေဆုံးသွားကြပါ၏။ ၂၀ ရာစုကာလအတွင်း စာဖတ်ပရိသတ်အား ရေးအား အကောင်းဆုံး လုံးချင်းဝတ္ထုအရှည်ကြီးများ၊ ဝတ္ထုတိုများ အောင်မြင်ကြီးပွားရေးကျမ်းဘာသာပြန်နှင့် မှီငြမ်းသာမက ကာလဒေသဆီလျော်သော နည်းပေး လမ်းပြစာကောင်း၊ ပေကောင်းများရေးသားခဲ့ကြသည့် ပီမိုနင်း၊ ရွှေဥ ဒေါင်း၊ ပညာဝန်ဦးဖိုးကျား၊ ဂျာနယ်ကျော် ဦးချစ်မောင်စသည့် စာရေးဆရာ၊ သတင်းစာ ဆရာကြီးများသည်မချမ်းသာခဲ့ကြပါ။ စာရေးဆရာဗန်းမော်တင်အောင်၊ သခင်မြသန်း၊ နတ်နွယ်၊ ဓူဝံ၊ ရန်ကုန်ဘဆွေ၊ မြသန်းတင့်၊တက္ကသိုလ်ဘုန်းနိုင်၊ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ခင်ဆွေဦး စသော နိုင်ငံ ကျော်စာရေးဆရာ၊ စာရေးဆရာမများလည်း မကြွယ် ဝကြ၊ မချမ်းသာကြ၊ လူနေမှုအဆင့်တွင် အားကျလောက်စရာမကြီးပွားဟုဆိုရပါမည်။

      မည်သို့ပင်ဖြစ်စေ၊ မိမိကတော့ စာဖတ်ရသည်ကို ကျေနပ်ကြည်နူးသည်။ စာရေးရသည်ကို ပျော်ပိုက်နှစ်သက်သည်။ အသိပညာရှာဖွေဆည်းပူးနေရသည်ကို သဘောကျသည်။ မိမိသိရမြင်ရ နားလည်လာသမျှ စာဖတ်သူတို့အား ခံစား သိမြင်ခံယူနိုင်အောင် မျှဝေခွင့်ရသည်ဆိုလျှင်ပင် လုံလောက်ပြီထင်သည်။ ခက်ခဲခြင်း၊ ဆင်းရဲခြင်းတို့ကို ရင်ဆိုင်ဖြတ်သန်းရမည်ကိုမမှုပါ။

      လုပ်ငန်းခွင်မှာ ရာထူးရာခံနှင့် အရာရှိကြီးပင်ဖြစ်နေသော်လည်း အချို့လူများသည်အပြင်စာမတတ်လျှင် ဗဟုသုတမရှိရှာပေ။ အကြောင်းတိုက်ဆိုင်သဖြင့် စီးပွားဥစ္စာချမ်းသာကြွယ်ဝပြီး ငွေကြေး ပြည့်စုံနေသော်ငြား ဘာစာမှမဖတ်ဖူးဘူးဆိုသော လူချမ်းသာတစ်ယောက်သည် Home Affairs Ministry ဆိုတာ ဘာလဲဟုအခြားတစ်ယောက်ကိုမေးသည်။ အခြားသူဌေးကဖြေ၏။“ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်မှာပေါ့”တဲ့။

       စာဖတ်ခြင်းမှ ရရှိနိုင်သည့် ကောင်းကျိုးကျေးဇူးတရားများကို တိကျပြည့်စုံစွာ မှတ်တမ်းတင်ထားဖူးသော စာရင်းအရအရေအတွက် ၄၃ ချက်တွေ့ဖူးပါ၏။ ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းပြုလုပ်သော ဓမ္မဓိဋ္ဌာန်ကျသော သုတေသနလေ့လာတွေ့ရှိချက်များအရ အနှစ် ချုပ်မှာ အောက်ပါအချက်များဖြစ်သည်ဟု ဆိုပါ၏။
ဖတ်သူတိုင်း စွမ်းရည်တိုးတက်မြင့်မားစေ၏။
(၁) ဖြစ်ရပ်မှန်တို့ကို ကဗျာဆန်ဆန် အာရုံသိတတ်မှု။
(၂) ပျမ်းမျှအထက် ဉာဏ်ရည်ရှိမှု။
(၃) ရှုမှတ်မှုစွမ်းရည်မြင့်မားမှု။
(၄) စိတ်ကူးယဉ်စွာ စဉ်းစားတွေးတောတတ်မှု
(၅) စိတ်လှုပ်ရှားနိုးကြားမှု(Emotionality)
(၆) ဝေါဟာရကြွယ်ဝမှု(Verbal Fluency )(၇) ဖြာထွက်စဉ်းစားမှု(DivergentThinking)(ဒေါက်တာကျော်စိန်၏ စိတ်ပညာအနုစာပေနှင့် ရသပညာစာအုပ် ၂၀၁၆ ဖေဖော်ဝါရီမှ)

     အခြားသောသုတေသနရလဒ်အရ တွေ့ရှိရသော အချက်တစ်ချက်မှာ စာမျိုးစုံများများဖတ်ခဲ့သူတို့ သည် ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်ညှိယူမှုပြုရာတွင် ပိုမိုအောင်မြင်စွာ အံဝင်ခွင်ကျသည်ဆို၏။

     စာဖတ်ခြင်း၏အရသာနှင့်ပတ်သက်၍ စာဖတ်သူသိပြီးသားလည်းဖြစ်ကောင်းဖြစ်မည်။ ယခုဖတ်လိုက်ရမှ သဲသဲကွဲကွဲထင်ထင်ရှားရှားသိမြင်ရခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ အကယ်၍သာ သင်သည် စာကောင်းပေကောင်းတို့၏ အရသာကိုကောင်းစွာသိရှိထားပြီဆိုပါက အချိန်ကာလအပိုင်းအခြားကို ဖြတ်သန်းလွန် မြောက်နိုင်သော “နတ်မျက်စိ” ကို ရခဲ့ပေသည်။ နေရာဒေသပိုင်းခြားကွာဝေးခြင်းသဘောကို အနီးကပ်ဆွဲယူကြည့်မြင်သိရှိနိုင်စွမ်းသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ
“ထူးခြားဆန်းကြယ်သောအကြားအမြင်” ကို ရလိုက်လေသည်။အကျယ်ရှင်းပြနေစရာမလိုထင်ပါ၏။

     စာအုပ်စာပေထဲမှာ အတိတ်ဖြစ်ရပ်များ၊ အနာ ဂတ်ဖြစ်ရပ်များ၊ ဖြစ်စဉ်များ၊ အကြောင်းအကျိုးကွင်း ဆက်များကို သိမြင်နားလည်ပြီး စာမဖတ်သူများထက် သဘောထားအမြင်အဆင့်မြင့်နေကြောင်း ကိုယ်တိုင်တွေ့ရပါလိမ့်မည်။ အံ့သြဖွယ်သော စွမ်းရည်တန်ခိုးပမာမြင်ရပါမည်။

     စာရေးဆရာဖြစ်ချင်သူမှ စာများများဖတ်ရမည်မဟုတ်ပါ။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး ခေါင်းဆောင်ဖြစ်လာသူများသည် စာအလွန်ဖတ်ကြသူများဖြစ်ကြပြီး ကမ္ဘာကျော်သန်းကြွယ်သူဌေး လုပ်ငန်းရှင်ကြီးများသည်လည်း စာကြမ်းပိုး၊ စာအိုးကြီးများဖြစ်ခဲ့ကြောင်း တွေ့ရ ပါသည်။ စာဖတ်သူတိုင်း ခေါင်းဆောင်မဖြစ်ပါသော်လည်း နယ်ပယ်စုံရှိ ခေါင်းဆောင်ကောင်းများအားလုံးက စာဖတ်များခဲ့ကြသူတွေဖြစ်ပေသည်။

     စာပေက ပင်မရေစီးကြောင်းဖြစ်သဖြင့် အခြားအနု ပညာနယ်ပယ်ကိုလည်း ဖြန့်ခွဲဖြာထွက်ကျယ်ဝန်းစွာ အကျိုးပြုကြောင်းတွေ့နိုင်ကြပါသည်။ သာဓကပြစရာ နမူနာတစ်ခုမှာ ဆရာဇော်ဂျီ၏ စတင် ဖန်တီးမှုကဗျာတစ်ပုဒ် “ပန်းပန်လျက်ပါ” ကဗျာသည် ဆရာမခင်နှင်းယု က အနုပညာဝတ်မှုန်ကူးကာ “ပန်းပန်လျက်ပါ” ဝတ္ထုရှည်တစ်ပုဒ်အသစ် စိတ်ကူးပြလိုက်ပါ၏။ ထိုဝတ္ထုစာအုပ်ကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပြောင်းလဲထုတ်လုပ်ရိုက်ကူးခဲ့ပြန်ပါ၏။ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ကြည်ကြည်ဌေး၊ ဘေဘီနွဲ့တို့ ပါဝင်ခဲ့ကြ၏။

     ဂီတစာဆိုစန္ဒရားချစ်ဆွေက ဇာတ်ဝင်သီချင်း (Title Song “ပန်းပန်လျက်ပါ”ကို မာမာအေးအတွက်တစ်ပုဒ်၊ ဇာတ်ဝင်သီချင်း၊ အငြိမ့်တီးကွက်၊ ဇော်ဂျီ၏ မူရင်းကဗျာ”ဗေဒါလမ်း”နှင့် ခင်နှင်းယုဝတ္ထုမှ ဇာတ်ဝင်အချက်အလက်အခြေပြုလျက်၊ ရေဒီယိုအသံလွှင့်သီချင်း “ချစ်၍ရွာသောမိုး”တို့ကို တေးသွားသံစဉ်ဖန်တီးပြခဲ့ခြင်းသည် အနုပညာလက်ရာ အချင်းချင်းလှပစွာ ကူးစက်ယှက်နွယ်နေကြပုံကို သိမြင်တွေ့နိုင်ကြပါလေသည်။ စာဖတ်သူက ပိုခံစားတတ်သည်။

#PAN