ကလော- မိတ္ထီလာ ပြည်ထောင်စု လမ်းမကြီးတွင် ၆ဘီးယာဥ် ချောက်အတွင်း ထိုးကျ ယာဉ်မောင်း သေဆုံး

(မှုခင်း) သြဂုတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေ(အောက်) ကျေးရွာတွင် ၆ဘီးယာဥ်တစ်စီး ချောက်အတွင်း ထိုးကျသဖြင့် ယာဉ်မောင်း ဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၁ ရက်၊ ညနေပိုင်းအချိန်က တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ပဲတီစိမ်းကုန် အိတ်များ တင်ဆောင်လျက် မောင်းနှင်လာသော MITSUBSHI CANTER ၆ ဘီး မော်တော်ယာဉ်သည် ကလော- မိတ္ထီလာ ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၅၈/၂)နှင့်(၅၈/၃)ကြား၊ ကလောမြို့နယ်၊ ဝက်ဖြူရေ(အောက်)ကျေးရွာသို့ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူ တောင်ကြီးမြို့နေ ကိုစိန်တင့် မှာ ဦးခေါင်းခွံ ကျိုးကြေ ဒဏ်ရာ၊ မျက်နှာကျိုးကြေ (ပွင့်ထွက်) ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ကလောမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN