ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ အိမ်ခန်းရရှိမည်ဟု လိမ်လည်မှုများရှိနေသဖြင့် ပြည်သူများ သတိပြုရန် အသိပေး

(ပြည်တွင်း) ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအိမ်ရာ အပိုင်း (၃) တို့မှ အိမ်ခန်းများ ဝယ်ယူခွင့်ရရှိမည်ဟုဆိုကာ လိမ်လည်ဆောင်ရွက်မှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် သတိပြုကြရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အိမ်ရာများမှ အိမ်ခန်းလျှောက်လွှာ တင်ပေးမည်ဟုဆိုခြင်း၊ အိမ်ခန်းရရှိမည်ဟုဆိုခြင်းနှင့် ငွေပေးသွင်းရန် အကြောင်းကြားစာအတုများ ပြုလုပ်၍ ငွေကြေးတောင်းခံခြင်း စသည့် လိမ်လည်ပြောဆိုဆောင်ရွက်မှုများ ကြုံတွေ့ရပါက မယုံကြည်ကြရန် ဌာနက အသိပေးထားသည်။

အိမ်ခန်းလျှောက်လွှာတင်ထားသူများကို ဌာနမှ စိစစ်ရွေးချယ်ပြီးပါက ဝယ်ယူခွင့်ရရှိသူများထံသို့ နေပြည်တော် ဖုန်းနံပါတ် ၀၆၇-၃၄၀၇၅၂၇ ဖြင့်သာ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁) တွင် တိုက် ၇၃ လုံး၊ အခန်းပေါင်း ၂,၃၇၂ ခန်း ပါဝင်ပြီး အပိုင်း (၂) ကိုလည်း ဆက်လက်တိုးချဲ့ဆောက်လုပ်ထားကြောင်း သိရသည်။

ထို့အပြင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၃) တွင် ၄ ထပ်တိုက် ၂၁ လုံး၊ အခန်းပေါင်း ၅၀၄ ခန်းအပါအဝင် စုစုပေါင်း အခန်း ၁,၄၅၆ ခန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါ အိမ်ရာများ၏ အိမ်ခန်းအရောင်းအဝယ်နှင့် ဝယ်ယူခွင့်ရရှိရေးတို့နှင့် ပတ်သက်၍ အမည်မသိသူများ၏ ဆက်သွယ်ပြောဆိုမှုများ၊ အခကြေးငွေတောင်းခံမှုများနှင့် ငွေပေးသွင်းရန် အကြောင်းကြားစာအတုများကို သတိထားရန်နှင့် လိမ်လည်မှုမခံရစေရေး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။