
(ဆောင်းပါးကဏ္ဍ) မေ ၁၀
နေဇင်လတ်
ထရမ့်ရဲ့ လုပ်ရပ်တွေကတော့ အံ့ဩဘနန်းပါပဲ။
သမိုင်းမှာ မရှိဘူးသေးတဲ့ စံချိန်တင်လုပ်ရပ်တွေကို တစ်ခုချင်းစီ၊ စနစ်တကျလုပ်သွားတာတွေ့ရတယ်။ ခပ်ကြမ်းကြမ်းထက်ပိုတဲ့ ကိုင်တွယ်မှုတွေအတွက် ထရမ့်ပေးတဲ့ အကြောင်းပြချက်က “American Great Again” အတွက်တဲ့ “အကြွေးတွေကို ဒီလိုမှမလုပ်ရင် မကြေနိုင်ဘူး”တဲ့ နောက် ပိုင်းရေပန်းစားလာတဲ့ စကား လုံးကတော့ –
“ရောဂါပျောက်ဖို့အတွက် ဆေးခါးကြီးတော့ သောက်ရမှာပဲ”တဲ့။
ရောဂါပျောက်မပျောက်တော့ မသိသေးပါဘူး။ အမေရိကန်ပြည်သူတွေ သာမကပဲ တစ်ကမ္ဘာလုံးကျောကော့အောင် ခံလိုက်ကြရတာတော့အမှန်ပါပဲ။ နိုင်ငံများစွာထိုင်”မရ၊“ထ”မရဖြစ်ကုန်ကြတယ်။
ရည်ရွယ်ချက်ရှိရှိဖျက်ဆီးတာ
“Trump is purposely crashing the market.”
ရည်ရွယ်ချက်ရှိရှိ ဈေးကွက်(စတော့)ကို ထရမ့်ဖျက်ဆီးပစ်နေတယ်ဆိုတဲ့အထိ ရေးသားလာခဲ့ကြတယ်။ တချို့တွေကလဲ
“ထရမ့်ဟာ ရုရှားရဲ့အက်ဆက်(Asset=ရုရှားလူ)လား”လို့အထိလည်း မေးခွန်းထုတ်လာတာတွေ့ရတယ်။
အဲ့ဒီမေးခွန်းက မေးမယ်ဆိုရင်လဲ မေးစရာကောင်းတဲ့မေးခွန်းနှစ်ခု ဖြစ်နေပြန်ပါတယ်။
ထရမ့်ရဲ့ အခွန်တိုးမူဝါဒကြောင့် အမေရိကန်စတော့ဈေးကွက်ရော၊ အခြားနိုင်ငံတွေရဲ့ စတော့ ဈေးကွက်ရော အလွန်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတွေနဲ့ ပျက်စီးသွားသလောက်နီးနီး ဖြစ်သွားတာကို တွေ့ရတယ်။
ပထမတစ်ကြိမ်၊Canada, Mexico အပါအဝင် နိုင်ငံအနည်းငယ်ကို ထရမ့်က အခွန်နှုန်း ထားသစ်နဲ့ ကြေညာလိုက်တော့ အားလုံးကသောင်းကနင်းဖြစ်ပြီး အမေရိကန်စတော့ဈေးကွက်မှာ $ 5.7 Trillion ဆုံးရှုံးသွားခဲ့တယ်။ စတိုးဆိုင်တွေမှာ ကြက်ဥတစ်ကတ်ကို $ 2.0 ကနေ $ 5.0 အထိ ခုန်တက်သွားခဲ့တယ်။ဘီလီ
ယံနာတွေလည်း နေ့ချင်းညချင်း ဘီလီယံပေါင်းများစွာ ဆုံးရှုံးသွားခဲ့တယ်။ တွက်ချက်မှုအရဘီလီယံနာတွေ စုစုပေါင်း $ 200 Billion လောက် လေထဲမှာ ပျောက်သွားတယ်လို့ဆိုတယ်။
အခွန်တိုးခံရတဲ့နိုင်ငံတွေကလည်း အမေရိကန်သွင်းကုန်တွေအပေါ်ပြန်ပြီးတုံ့ပြန်တဲ့အနေနဲ့အခွန်တွေပြန်တိုးကြတယ်။ ထရမ့်နဲ့ Elon Musk ကို ဆန့်ကျင်နေကြတာတစ်ကြောင်း၊ တရုတ် BYD ကို မယှဉ်နိုင်တာက တစ်ကြောင်းကြောင့် Musk ရဲ့ Tesla မော်တော်ကားအရောင်းကျသွားတာက ကြောက်စရာကောင်းလှတယ်။ အမေရိကန်ပညာရှင်တွေအားလုံး ဝိုင်းသတိပေးတား မြစ်နေတဲ့ကြားထဲကနေ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အခွန်တိုးနှုန်းထားသစ်ကို ထရမ့်က ထပ်ပြီးထုတ်ပြန်လိုက်ပြန်ပါတယ်။
“The Black Monday – 2” လို့ အမည်တွင်သွားခဲ့ပါတယ်။
ဦးဆုံးအထိနာပြီး အဖြေထွက်သွားတာက အမေရိကန်စတော့ဈေးကွက်ကြီးပါပဲ။ နာမည်ကြီး Nasdaq; S & P – 500, Dow Jones အပါအဝင် စတော့ညွှန်းကိန်းအားလုံးနီးပါးအနီရောင်ဖြစ်သွားပါတယ်။ (အနီ = ဈေးကျ၊ အစိမ်း =ဈေးတက်)ဘယ်လောက်အထိ ဆိုးဝါးသွားသလဲဆိုရင် Tariff ကြေညာတဲ့ နေ့မှာပဲ အမေရိကန်စတော့က $ 2 Trillionထပ်ပျောက်သွားခဲ့ပါတယ်။ အားယူပြီးပြန်တက်ဖို့ ခေါင်းပြူရုံလေးမှာ ထပ်ပြီး အရိုက်ချခံလိုက်ရသလိုဖြစ်သွားခဲ့တယ်။အခုအချိန်အထိ အမေရိကန်စတော့မှာဆုံးရှုံးသွားတဲ့ပမာဏဟာ စုစုပေါင်း $ 11.1 Trillion ရှိသွားခဲ့ပါပြီ။ (US GPP =29 Trillion နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။)
“ဒါဟာ စီးပွားရေးစီမံကိန်းတစ်ခုဖြစ်တယ်။ ပထမပိုင်း ခါးသီးလိမ့်မယ်။ ပြီးရင် US is back ဖြစ်လာမယ်၊ အမေရိကန်ရွှေထီးဆောင်းခေတ် ဘယ်တော့ ပြန်လာမလဲတော့ မသိပါဘူး။ ရင်းနှီးမြှုပ်နှံမှုတွေလဲ ဘယ်တော့ရလာမလဲ မသိသေးပါဘူး။ လောလောဆယ် အမေရိကန် GDP တစ်ခုလုံးရဲ့ သုံးပုံတစ်ပုံကျော်တော့ ပျောက် ဆုံးသွားခဲ့ပါပြီ” ICU ဆိုတဲ့အရေးပေါ်ကုသခန်းကို ရောက်နေတဲ့ အမေရိကန်စတော့ဈေးကွက်ကြီးဟာ ထရမ့်ရဲ့ဆေးခါးကြီးအတင်းတိုက်တာကို ဒုတိယအကြိမ်ခံလိုက်ရတော့ အသက်ခပ်ငွေ့ငွေ့လေးပဲကျန်ပါတော့တယ်။
ထရမ့်ဟာ ရုရှားအက်ဆက်လား
ထရမ့်ဟာ ရုရှား Assetလားဆိုပြီး မေးခွန်း ထုတ်လာကြတဲ့အဆင့် ဖြစ်လာခဲ့ပါတော့တယ်။ မေးခွန်း ထုတ်မယ်ဆိုရင်လဲ ထုတ်ချင်စရာဖြစ်နေပါတယ်။ UK, EU ပါမချန် အခွန်တိုးကောက်လိုက်တဲ့အချိန်မှာ ထရမ့်ရဲ့အခွန်ကင်းလွတ်ခွင့်ရလိုက်တဲ့ နိုင်ငံတွေက ရုရှား၊ ဘဲလားရုစ်၊ အစ္စရေးတွေဖြစ်နေတာတွေ့ရတယ်။
ဘာကြောင့်ပါလဲ။
အတိတ်ကိုပြန်ကြည့်ရင် ထရမ့် ၂၀၁၆ မှာ သမ္မတဖြစ်လာတာဟာ ရုရှားရဲ့ အကူအညီကြောင့်လို့ စွပ်စွဲ ချက်တွေ ရှိထားခဲ့တယ်။ လွှတ်တော်က “Russiagate” ဆိုပြီး ကြားနာရတဲ့အဆင့်ဆိုတာ တော်ရုံ စွပ်စွဲချက်နဲ့ လုပ်လေ့လုပ်ထမရှိပါဘူး။ တစ်ကျော့ပြန် သမ္မတဖြစ်လာတဲ့ ၂ဝ၂၄ ရွေးကောက်ပွဲမှာလဲ ရုရှား၊ အစ္စရေးရဲ့အကူအညီတွေ အများကြီးပါဝင်ခဲ့တာကြောင့် Harris ကို အနိုင်ရသွားတာလို့ ပြောနေကြတယ်။
ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးတော့အဓိက “အစ္စရေးနဲ့ ပင်လယ်ကွေ့သုံးနိုင်ငံက ငွေကိုရေလိုသုံးပြီး ကူညီသွားခဲ့ကြတယ်” ဆိုတဲ့သတင်းထွက်လာခဲ့ပါတယ်။ နည်းပညာဆိုင်ရာ၊သတင်းဆိုင်ရာ အကူအညီတွေအများကြီးပါဝင်ပါတယ်။ လူတွေရဲ့စိတ်ကို လှည့်စားပြောင်းလဲမှုတွေပါဝင်နေပါတယ်။ ထရမ့်ရဲ့သမက်က “ဂျူး” လူမျိုးပါ။ ထရမ့် ရွေးကောက်ပွဲမတိုင်မီသမက် “ဂျရတ်” က အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနဲ့ နှစ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဆိုထားတယ်။
ထရမ့်နဲ့ပူတင်တို့ရဲ့လျှို့ဝှက် ဖုန်းပြောဆိုမှုတွေလဲ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ပူတင်က “သူနဲ့ ပြောတာတွေကို အများမသိစေနဲ့” ဆိုပြီးတားဆီးခဲ့တယ်ဆိုတာလဲ သတင်းတွေထွက်လာပါသေးတယ်။ ဘယ်လာရုစ်ကတော့ ရုရှားနဲ့ နှစ်ကိုယ့် တစ်စိတ်ဖြစ်လို့ ရုရှားရဲ့ တောင်းဆိုမှုအရ ထရမ့်ကင်းလွတ်ခွင့်ပြုလိုက်မှန်းသိသာလွန်းနေပြန်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးကတော့ “Zero Tart” ဆိုတဲ့အခွန်မဲ့ ကုန်သွယ်ရေးဖြစ်တယ်။ ရုရှားနဲ့ ဘဲလားရုစ်ကတော့ အရင်ချထားတဲ့ ကုန်သွယ်ခွန်အတိုင်းဖြစ်ပြီးထပ်တိုးစာရင်းထဲမှာ မပါဝင်ပါဘူး။ ထရမ့်ဘက်က အကြောင်းပြချက်ကတော့ –
“ရုရှားနဲ့ အမေရိကန်ပူးပေါင်းပြီး ကြီးမားတဲ့လုပ် ငန်းတွေလုပ်ဖို့ အလားအလာတွေရှိနေတယ်” ဆိုတာကြောင့်ဆိုပြီး ပြောထားပါတယ်။
ကမ္ဘာမှာ “အလီကိုဟင်”တို့ “နိုရီရေးဂါး”တို့ဆိုတာရှိခဲ့ဖူးပါတယ်။ ရန်သူ့နိုင်ငံရဲ့ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့ကြတဲ့ ထောက်လှမ်းရေးတွေ ဖြစ်ကြတယ်။ ခေတ်သစ်မှာရော မဖြစ်နိုင်ဘူးလားဆိုတဲ့ ယူဆချက်တွေပိုပြီးကြီးထွားလာခဲ့တယ်။ Obama ဟာ တရုတ်နဲ့ အဆက် အစပ်ရှိတဲ့အတွက် တောင်တရုတ်ပင်လယ်အရေးမှာ လက် ရှောင်ပေးလိုက်တာဆိုတဲ့ ယူဆချက်၊ ဘိုင်ဒင်ဟာလဲ တရုတ်နဲ့ အဆက်အစပ်ရှိလို့ အာဖဂန်နစ္စတန်ကို လက်လွှတ်ပြီး တရုတ်တွေကိုဖျာဝင် ခင်းစေနိုင်ခဲ့တာဆိုတဲ့ယူဆချက်တွေရှိထားနေပြန်တယ်။ Biden ရော၊ သားဖြစ်သူ Hunter Bidenရောဟာ တရုတ်ကုမ္ပဏီကြီးတွေရဲ့ လာဘ်ငွေကို ရယူထားခဲ့တဲ့ အထောက်အထားတွေလည်း ကွန်ပျူတာက တစ်ဆင့်သက်သေတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်နေပြန်ပါတယ်။
Tumpပထမသက်တမ်းမှာ ရုရှားနဲ့ အမေရိကန်ဘာမှ ထူးထူးခြားခြားမဖြစ်ဘဲ တရုတ်နဲ့ကုန်သွယ်စစ် ဖြစ်ခဲ့တယ်။ Biden လက်ထက်မှာကျတော့တရုတ်နဲ့ စကားများကြတာကလွဲပြီး ရုရှားကို အထိနာစေမဲ့ ယူကရိမ်းစစ်ကို ဖန်တီးခဲ့တာတွေဟာ စိတ်ဝင်စားစရာလဲကောင်းပြီးသံသယဖြစ်စရာတွေလဲအပြည့်နဲ့ ဖြစ်နေပါတယ်။
Trump ဒုတိယအကြိမ်သမ္မတဖြစ်လာပြန်တော့လဲအမေရိကန်ရဲ့ သွယ်ရေးစစ်ဟာ အဓိက တရုတ်ကို ပစ်မှတ်ထားလိုက်တယ်ဆိုတာပေါ်လွင်လာကုန်ခဲ့ပြန်ပါတယ်။ သူကိုယ်တိုင် Airforce-One ပေါ် အင်တာ ဗျူးမှာ ပြောခဲ့တာပါ။
“အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က Trillion နဲ့ချီပြီးအရှုံးပြခဲ့တယ်။ ဒါမျိုးအဖြစ်ခံလို့မရဘူး”
“တရုတ်တွေက ငါတို့စည်းစိမ်တွေကို ခိုးယူ သွားခဲ့တာပါ”
တရုတ်ဘက်ကလဲ
“ကုန်သွယ်စစ်မကပဲ ဘယ်လိုစစ်ပွဲမျိုးကိုမဆို ရင် ဆိုင်ဖို့ ပြင်ဆင်ထားတယ်” ဆိုပြီး ခပ်ပြတ် ပြတ်ပြောလိုက်တာ တွေ့ရတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးကလဲ “တရုတ်နဲ့ရင်ဆိုင်ဖို့ အမေရိကန်ဘက်ကလဲအရာရာကို ပြင်ဆင်ထားပြီးဖြစ်နေပါတယ်”လို့တုံ့ပြန်ခဲ့တာ တွေ့ရတယ်။
ထရမ့်ရဲ့ New Tariff ထဲမှာ တရုတ်ကို တင်အဓိကထားတာမဟုတ်ပဲ တရုတ်နဲ့ရင်းနှီးတဲ့ Vietnam Cambodia စတဲ့နိုင်ငံတွေကိုပါ အခွန်အများကြီး တိုးမြှင့်ထားတာတွေ့ရတယ်။ ပါးနပ်တဲ့ ဗီယက်နမ်ကတော့ ထရမ့်နဲ့ညှိနှိုင်းလိုက်တယ်။ထရမ့်ကျေနပ်မှုရသွားကြောင်း “X” ပေါ်မှာရေးထားတာတွေ့ရပါတယ်။
အစ္စရေး၊ ရုရှား၊ ဘဲလားရုစ်တွေကို အခွန်မတိုးပဲ တရုတ်နဲ့တရုတ်ရင်းနှီးတဲ့ နိုင်ငံတွေကို အခွန်ပိုတိုးထားတာကို သတိပြုမိတဲ့သူတွေက “ထရမ့်ဟာ ရုရှားအက်ဆက်မဖြစ်နိုင်ဘူးလား” ဆိုတဲ့ အယူအဆကို ဖော် ထုတ်လာကြတာပဲ ဖြစ်ရတော့တယ်။
လူမသေစေပဲကမ္ဘာကြီးကိုဖျက်နိုင်တယ်
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ယူကရိမ်းစစ်တွေမှာ လူတွေအများကြီး သေကြေကြတယ်။ ကမ္ဘာစစ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေအလွန်ကြီးမားခဲ့ကြဖူးတယ်။
“လူသေမှ စစ်နိုင်တာလား”
လူသေမှ ကမ္ဘာပျက်တာလား၊ ကြေးဝါထိပ်ဖူးကျည်ဆန်ကြောင့် လူသေရင် သမိုင်းမလှပါဘူး။ ငွေကျည်ဆန်နဲ့လဲ ကမ္ဘာဖျက်လို့ရပါတယ်။ အဓိကက ရန်သူ့နိုင်ငံတွေ အင်အားနည်းပြီး နာလန်မထူနိုင်ဖို့ပဲဖြစ်ပါတယ်။ ငွေကျည်ဆန်နဲ့စနစ်တကျဖျက်ဆီးနိုင်ဖို့ မူဝါဒအမှားတစ်ခုလိုအပ်ပါတယ်။ အဲ့ဒီမူဝါဒကိုချနိုင်ဖို့လဲ မူဝါဒချနိုင်သူဟာ ကိုယ့်လူဖြစ်ဖို့ လိုပြန်ပါတယ်။
ကမ္ဘာစစ်ဟာ“နှစ်ချီ” ကြာလွန်းတယ်။ ယူကရိမ်းစစ်တောင်“လေး” နှစ်ထဲ ဝင်လာခဲ့ပါပြီ။ ငွေကျည်ဆံနဲ့ပစ်ရင် (သို့) မူဝါဒအမှားတစ်ခုကို စာရွက်ပေါ်ရေးပြီး အမိန့်ထုတ်လိုက်တာနဲ့ ကမ္ဘာကြီးဟာ ရက်ပိုင်းအတွင်း ကသောင်းကနင်းဖြစ်ပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ “ထရမ့်ဟာ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာလား” ဆိုတဲ့မေးခွန်းတွေတိုးမြှင့်လာခဲ့တယ်။ မေးခွန်းက မေးချင်စရာလည်း ဖြစ်လာပြန်ပါတယ်။
ပထမတစ်ကြိမ်ကန့်သတ်နိုင်ငံတွေကို အခွန်တိုးတော့ အမေရိကန်စတော့ $ 5.7 Trillion ဆုံးရှုံးသွားခဲ့တယ်။ အမှန်ဆိုရင်ရလဒ်ကို “လ” အနည်းငယ်တော့ စောင့်ကြည့်သင့်ပါတယ်။ ရလဒ်ကို စောင့်မကြည့်ပဲ ဒုတိယမ္ပိ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အခွန်ဇယားကြီးကိုချပြလိုက်တဲ့အခါ မှာတော့ အမေရိကန်စတော့ $ 11.1 Trillion “ပြောင်” သွားခဲ့ပြန်ပါတယ်။
အခွန်မူဝါဒမှာပဲ ထရမ့်နဲ့ Elon Musk တို့အကွဲအပြဲဖြစ်သွားကြတာ တွေ့ရတယ်။ Musk က သူ့တာဝန်ကနေ ခပ်စောစောနုတ်ထွက်သွားခဲ့တာတွေ့ရတယ်။
JP Morgan ရဲ့ CEO က အခြေအနေကို ဒီလိုပြောခဲ့ပါပြီ။ ပထမစတော့ ဈေးကွက်မှာ $ 5.7 Tillion ပျောက်သွားတုန်းက
” Recession ဖြစ်ဖို့ ရာခိုင်နှုန်း ၆၀ ရှိသွားပြီ။ပြောင်းလဲမှုတစ်ခုခုလုပ်ဖို့လိုတယ် “။
ထရမ့်ရဲ့ဒုတိယအကြိမ် New Tarif စာရင်းထွက်လာပြီး အမေရိကန်စတော့မှာ 5 11.1 Trillion အငွေ့ပျံသွားတဲ့ အချိန်မှာတော့-
“ထရမ့်အနေနဲ့ချက်ချင်းအခွန်နှုန်းထားတွေကိုပြန်ရုပ်သိမ်းပေးလိုက်မယ်ဆိုရင်တောင် Recession ကိုမရှောင်နိုင်တော့ဘူး”လို့ ဆိုလိုက်တာတွေ့ရတယ်။ ကမ္ဘာမှာ စီးပွားကျဆင်းမှုတွေဖြစ်ခဲ့ပြီး ဆိုင်ရာနာမည် တွေပေးထားခဲ့ပါတယ်။အခုဖြစ်လာမယ့် ရီဆက်ရှင်ကိုလဲ “Trump Recession” “Trump Tarift”ဆိုပြီး ကြိုတင်အမည်ပေးထားတဲ့အဆင့် ဖြစ်လာခဲ့ပါပြီ။
သတင်းတစ်ခုမှာပါလာတာကတော့ အခွန်နှုန်းထားသစ်တွေဟာ ထရမ့် ကိုယ်တိုင်သတ်မှတ်ခဲ့တာဖြစ်ပြီး သူ့ကုန်သွယ်ရေးအကြံပေးဆီက အကြံဉာဏ်ကို မယူခဲ့ဘူးလို့ဆိုထားတာက အံ့သြစရာဖြစ်ပြီး သံသယလည်းဝင်စရာဖြစ်နေပါတယ်။ ထရမ့်ဘယ်သူ့ဆီက ဒီနှုန်း ထားသစ်တွေကို ရယူခဲ့ပါသလဲ၊ အမှန်တကယ် ရည်ရွယ်ချက်ရှိရှိနဲ့ပဲ မူဝါဒအမှားနဲ့ ဖျက်ဆီးနေတာလား။
နည်းပညာတွေမြင့်မားနေတဲ့ခေတ်မှာ ဆိတ် ကွယ်ရာမရှိပါဘူး။
တစ်ချိန်ချိန်မှာတော့ အမှန်တရား ထွက်ပေါ်လာမှာဖြစ်ပါ တယ်။
အကယ်၍ ထရမ့်သာ တစ်ပါးနိုင်ငံ တစ်ခုခုရဲ့ အက်ဆက်ဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံရေးစနစ် မေးခွန်းထုတ်စရာဖြစ်သွားမှာဖြစ်ပြီး ထရမ့်ကိုယ်တိုင်က မူဝါဒအမှားချမိတယ်ဆိုရင်လဲ သူ့သမိုင်းက လှပတော့မှာမဟုတ်ပါ။
#PAN