ရန်ကုန်တိုင်းဒေသကြီးမှာ အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၂ ခုကို အတည်ပြုပေး

(ပြည်တွင်း) ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းပမာဏရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ (၄/၂၀၂၅) ကြိမ် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက စက်မှုကဏ္ဍမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို အတည်ပြုပေးခဲ့ရာ CMP စနစ်နဲ့ wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ (၂၀%) တင်ပို့ပြီး ပြည်တွင်း၌ (၈၀%) ရောင်းချမည့် သစ်အခြေခံသော သစ်သားပြားအမျိုးမျိုးနှင့် ပရိဘောဂအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းဖြစ်ပြီး ပြည်တွင်းလုပ်သား ၁,၀၀၅ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစည်းအဝေးမှာ မတည်ရင်းနှီးငွေတိုးမြှင့်တဲ့ ကုမ္ပဏီ ၃ ခု အပါအဝင် တင်ပြလာတဲ့ ကုမ္ပဏီ ၁၂ ခုရဲ့ အထွေထွေ ကိစ္စရပ် တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။