(ပြည်တွင်း) ဧပြီ ၁၂

အရေးပေါ် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီအဖြစ် တရုတ်ယွမ်ငွေ တစ်ဘီလီယံကို ထပ်မံပံ့ပိုး လှူဒါန်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ငလျင်ဘေးစတင်ဖြစ်ပွားချိန်၌ ယွမ်ငွေ သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ် ရေး အကူအညီများပေးအပ်ရန် ကြေညာခဲ့သော်လည်း ယွမ်ငွေ ၁ ဘီလီယံကို ထပ်မံလှူဒါန်းရန် ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ယွမ် ၁ ဘီလီယံကို လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများအပြင် အရေးတကြီးလိုအပ်နေသော ပစ္စည်းများအတွက် ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ(CIDCA) ပြောရေးဆိုခွင့်ရှိသူ Mr.Li Ming က ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိပါတယ်။
ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင်အဖွဲ့များကို ထပ်မံစေလွှတ်၍ ငလျင်ဒဏ်သင့် ဒေသများသို့ ကွင်းဆင်းစစ်ဆေးခြင်းအပြင် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များရေးဆွဲရာတွင်လည်း ပံ့ပိုးသွားမည်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲ့များစေလွှတ်ပြီး ပျက်စီးနေသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက် အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews