အမေရိကန်ပြည်ထောင်စုရှိ အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များ၌ လေဆင်နှာမောင်းနှင့် အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံး


(နိုင်ငံတကာ) ဧပြီ ၇

အမေရိကန်ပြည်ထောင်စုရှိ အနောက်အလယ်ပိုင်းနှင့်တောင်ပိုင်းပြည်နယ်များ၌ လေဆင်နှာမောင်းနှင့် အင်အားပြင်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရာသီ ဥတု ဆိုးရွားမှုကြောင့် အမေရိကန် ပြည်နယ်ငါးခုရှိလူနေအိမ်များနှင့် စီးပွားရေး လုပ်ငန်းပေါင်း ၂၅၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။

ဧပြီလ ၂ ရက်မှစပြီး အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်း ပြည်နယ်များ၌ လေဆင်နှာမောင်းတိုက်ခတ်မှုများအပြင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ တင်နက်ဆီ ပြည်နယ် တွင် ၁၀ ဦး၊ ကန်တက်ကီနှင့် မစ်ဆူရီပြည်နယ်တို့တွင် နှစ်ဦးစီနှင့် အာကင်ဆာ့စ်နှင့် အင်ဒီယာနာပြည်နယ်တို့၌ တစ်ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါပြည်နယ်များ၌ မိုးရေချိန် ၃၀ စင်တီမီတာကျော် ရွာသွန်းခဲ့ပြီး ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် ရာနှင့်ချီသောလမ်းများ ပိတ်ထားခဲ့ရသည်။ ဧပြီလ ၅ ရက် တွင် ကန်တက်ကီပြည်နယ် မြောက်ပိုင်းရှိ ဘတ်တာနှင့် ဖာ့မောက်ခ်မြို့များရှိ ပြည်သူများအား ဘေးလွတ်ရာသို့ မဖြစ်မနေ ရွှေ့ပြောင်းခဲ့ရသည်။

ဧပြီလ ပထမငါးရက် အတွင်း မိုးရွာသွန်းမှုသည် အင်ဒီယားနားအလယ်ပိုင်းတွင် တစ်လလုံးမိုးရွာသွန်းမှု ပျမ်းမျှမိုးရေချိန်နှင့်ကိုက်ညီ ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၅ ရက်တွင် မစ္စစ္စပီမြောက်ပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး တင်နက်ဆီပြည်နယ်တွင် အခြားလေဆင်နှာမောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြင်းထန် သော ပျက်စီးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ချက်ခြင်းသတင်းထုတ်ပြန်ခြင်း မရှိပေ။

ပူနွေးသော အပူချိန်၊ လေထုမတည်မငြိမ်ဖြစ်မှု၊ လေပြင်းတိုက်ခတ်မှုနှင့် မက္ကဆီကိုပင်လယ်ကွေ့မှ စိုစွတ်သောအစိုဓာတ် စီးကြောင်းတို့ကြောင့် ဆိုးရွားသောရာသီဥတုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက် အရသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN