ကံ ဉာဏ် ဝိရိယ၏ အသီးအပွင့်များ

(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ  ၁၈
မောင်ခင်မင်(ဓနုဖြူ)

       တစ်ခါက မတ်တတ် ရပ်နေစဉ် အမှတ်မထင်အောက်သို့ ငုံ့ကြည့်မိရာ ကျွန်တော့်ခြေနှစ်ဖက်မှ ရှေ့တည့်တည့်သို့ ဦးတည်ညွှန်ပြသည့်အနေ အထားဖြင့် အစီအရီရှိနေကြသော ခြေမမှ ခြေသန်းအထိ ခြေ ချောင်းကလေးများကို သတိပြုမိသည်။ သြော် ခြေချောင်းကလေးတွေချည်းမှ မဟုတ်တာ၊ ခြေဖဝါးနှစ်ဖက်စလုံး ရှေ့တည့်တည့်ကို ဦးတည်နေတာပဲဟု ဆက်ပြီးအတွေးပေါက်မိသည်။ ခြေဖဝါးနှစ်ဖက်စလုံးနှင့်တကွခြေ ချောင်းကလေးများ ရှေ့သို့ ဦးတည်နေသည့်အဓိပ္ပာယ်သည် ကျွန်တော်တို့တွေက ရှေ့တည့်တည့်သို့ ဦးတည်ပြီး လျှောက်လှမ်းနေရမည်ဆိုသော အဓိပ္ပာယ်ပင် မဟုတ်ပါလား။

        အကယ်၍များ ကျွန်တော်တို့၏ ခြေဖဝါးများနှင့် ခြေချောင်းကလေးများသည် ယခုကဲ့သို့မဟုတ်ဘဲ နောက်တည့်တည့်သို့ ဦးတည်နေသည့် အနေအထားဖြင့်သာ ခန္ဓာကိုယ်ကိုတည်ဆောက်ထားမည်ဆိုလျှင် ကျွန်တော်တို့လူသားတွေနောက်ပြန်ကြီး လမ်းလျှောက်နေရလေမည်လားဟု ကတ်သီးကတ်သတ်တွေးပြီး ပြုံးမိသည်။ မှန်ပါသည်။ ကျွန်တော်တို့၏ ခြေထောက်များက ကျွန်တော်တို့ကို ရှေ့တည့်တည့်သို့ တိုး၍တိုး၍ သွားရန် ညွှန်ပြနေကြသည့်အတွက် ကျွန်တော်တို့သည် နေ့စဉ် ရှေ့သို့သာ တိုး၍သွားနေကြသည်။ ဆိုးရာမှ ကောင်းရာသို့၊ ကောင်းရာမှ ပို၍ကောင်းရာသို့ တိုး၍ တိုး၍ သွားဖို့ အားထုတ်ကြသည်။ နိမ့်ရာမှမြင့်ရာသို့၊ မှောင်ရာမှ လင်းရာသို့ တိုး၍တိုး၍သွားဖို့ အားထုတ်ကြသည်။အောင်မြင်သည်လည်းရှိသည်။ မအောင်မြင်သည်လည်းရှိသည်။

       ငယ်ငယ်က ဖတ်ဖူးခဲ့သည့် ကဗျာလေးတစ်ပုဒ်ကို သတိရလာသည်။ “ရှေ့သို့သွားရာမှာ နောက်ကို ပြန်ကြည့်ဖို့ နေနေသာသာ ဘေးကိုပင်မလှည့်၊ ရှေ့တည့်တည့်လိုရာခရီး အပြီးရောက်အောင်သွားမှာပေါ့”တဲ့။

        ဘဝခရီးမှာ ရှေ့သို့တည့်တည့်မတ်မတ်လျှောက်လှမ်းခဲ့သော ပညာရှင်ကြီး တစ်ယောက်က သူ့အကြောင်းကို ပြန်ပြောထားသည့် စာနှစ်ပုဒ်ကို သတိရမိသည်။ ပညာရှင်ကြီးမှာ မြန်မာသာမက ကမ္ဘာကပါသိသော မြန်မာဘာသာစာပေပညာရှင်ဆရာကြီး “ဒေါက်တာလှဘေ” ဖြစ်သည်။ ကျွန်တော်သတိရသော စာနှစ်ပုဒ်မှာ “ဝီရိယကိုထူ၊ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူ”ခေါင်းစဉ်ဖြင့် ဆရာကြီး မြန်မာလိုရေးခဲ့သော စာအုပ်နှင့် From Peasant to Professor (လယ်သမားမှပါမောက္ခသို့)ခေါင်းစဉ်ဖြင့် ဆရာကြီးအင်္ဂလိပ်လိုဟောပြောခဲ့သော ဟောပြောချက်ဖြစ်သည်။ ထိုစာနှစ်ပုဒ်တွင် ဆရာကြီးဒေါက်တာလှဘေသည်မြို့ကြီး ပြကြီးနှင့် ဝေးကွာသော ကျေးရွာကလေးတစ်ရွာက အညတရ လယ်သမားမျိုးရိုးလူငယ်ကလေးဘဝမှ မြန်မာစာပေ၊ မြန်မာဘာသာစကားကို လန်ဒန်တက္ကသိုလ်တွင် နှစ်ပေါင်း ၄ဝ ကျော် ပို့ချဆွေးနွေးဟောပြောခဲ့သော ကမ္ဘာသိ ပါမောက္ခပညာရှင်ကြီးဘဝအထိ ရှေ့သို့ဦးတည်၍ တစိုက်မတ်မတ်လျှောက်လှမ်းခဲ့ပုံများကို ရေးသားဖော်ပြထားသည်။

       ဆရာကြီး၏ ဇာတိရွာကလေးမှာ မော်လမြိုင်မြို့နှင့် မိုင် ၄၀ ဝေးသော “ခရဲရွာ” ဖြစ်သည်။ ငယ်စဉ်ကပင် အဒေါ်အပျိုကြီးလေးယောက်က ခေါ်ယူမွေးစား သဖြင့် အဒေါ်များ၏ မေတ္တာရိပ်တွင် ကြီးပြင်းခဲ့ရသည်။ ရွာမူလတန်းကျောင်းမှာနေစဉ် စာတော်သည့် အတွက် ကျောင်းအုပ်ဆရာကြီး ၏တိုက်တွန်းချက်အရ မော်လမြိုင်အစိုးရအထက်တန်းကျောင်းမှာ ဘော်ဒါဆောင်ကျောင်းသားအဖြစ် သွားတက်ခွင့်ရသည်။အတန်းအသီးသီးမှာ ပထမ၊ ဒုတိယ၊ တတိယ
အမြဲပြီးနောက် ၁၀ တန်းကို ငါးဘာသာဂုဏ်ထူး ဖြင့်အောင်ပြီး စကောလားရှစ်ရသည်။ အုပ်ထိန်း သူအဒေါ်များက တူကလေးကို ပညာတတ်ကြီးဖြစ်စေချင်သော်လည်းစရိတ်ကြီးသော ရန်ကုန်တက္ကသိုလ် တက်နိုင်ဖို့အခက်အခဲရှိသည်။ စကောလားရှစ်ရတော့ အဆင်ပြေသွားသည်။ အဒေါ်များကလည်း တတ်နိုင်သလောက်ထောက်ပံ့သည်။ စကောလားရှစ်သာ မရခဲ့လျှင် ရွာမှာ လယ်သမားပဲ လုပ်နေရမည်ဟု ဆရာကြီးက ပြန်သုံးသပ်သည်။

         ရန်ကုန်တက္ကသိုလ်ဆက်တက်စဉ် စကောလားရှစ်ကျောင်းသားဖြစ်၍ စည်းမျဉ်းအရ ဂုဏ် ထူးတန်းကိုမတက်မနေရဆိုသဖြင့် မြန်မာစာဂုဏ်ထူးတန်းတက်ရာ ပထမတန်းမှ ထူးထူးချွန်ချွန်အောင်မြင်ပါသည်။ မဟာဝိဇ္ဇာဘွဲ့ဆက်ယူပြီးမြန်မာစာဌာနမှာ နည်းပြဆရာလုပ်နေစဉ်ပညာတော်သင်လျှောက်ရာ အရွေးခံရသဖြင့် ၁၉၃၈-၃၉ပညာသင်နှစ်တွင် လန်ဒန်တက္ကသိုလ်ပညာရေးကောလိပ်သို့ သွားရသည်။ တစ်နှစ်ပညာဆည်းပူးပြီး ပညာရေး ဒီပလိုမာဘွဲ့ရပြီးနောက် ဘီအီးဒီ၊ အမ်အီးဒီဘွဲ့များ ဆက်ယူရမလား။ ပညာရေး မဟာဝိဇ္ဇာဘွဲ့ဆက်ယူမလားစဉ်းစားနေစဉ် ပညာတော်သင်ရောက်နေသော ဆရာဦးဝန်(မင်းသုဝဏ်)က လန်ဒန်တက္ကသိုလ်မှာ မြန်မာစာပို့ချနေသော ပါမောက္ခ ဒေါက်တာဂျေအေစတူးဝပ် (Dr.J.A.Stewart )ထံ ခေါ်သွားရာမှ ဒေါက်တာစတူးဝပ်၏ ကြီးကြပ်မှုဖြင့် မြန်မာစာပါရဂူဘွဲ့အတွက် ကျမ်းပြုပြီး ပါရဂူဘွဲ့ရယူကာ “ဒေါက်တာလှဘေ” ဖြစ်လာသည်။

       ကိုလိုနီခေတ်ဦးပြဇာတ် တစ်ပုဒ်ဖြစ်သော ဦးပုတ်နီ၏ ကုမ္မာရပြဇာတ်ကို သုတေသနပြုစိစစ်၍ ကျမ်းပြုခြင်းဖြစ်သည်။ ဆရာဖြစ်သူ ဒေါက်တာ စတူးဝပ် ကွယ်လွန်သွားသဖြင့် ဆရာကြီးဒေါက်တာလှဘေမှာ မြန်မာနိုင်ငံသို့ မပြန်သေးဘဲ ထိုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေစဉ် လန်ဒန်တက္ကသိုလ်က မြန်မာစာကတိကအဖြစ် ရာထူးခန့်အပ်သည်။ ထို့နောက် ဒုတိယပါမောက္ခ၊ ပါမောက္ခဘွဲ့များ ဆက်လက်ချီးမြှင့်သဖြင့် ၁၉၆၆ ခုနှစ်တွင်လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာသင်ကျောင်းတွင် မြန်မာစာပါမောက္ခဖြစ်လာရတော့သည်။

        မြန်မာစာပါမောက္ခဘွဲ့မှာ လန်ဒန်တက္ကသိုလ်က ဆရာကြီးကိုခန့်အပ်သော ဘွဲ့ဖြစ်သည့် အတွက် ဆရာကြီးအနားယူသောအခါ ထိုဘွဲ့ကို ဆက်လက်ခန့်အပ်ခြင်း မပြုတော့ကြောင်း သိရသည်။ ထို့ကြောင့် ဆရာကြီးမှာလန်ဒန်တက္ကသိုလ်၏ ပထမဆုံးမြန်မာစာပါမောက္ခ ဖြစ်သကဲ့သို့ နောက်ဆုံး မြန်မာစာပါမောက္ခလည်း ဖြစ်သည်။

       ဆရာကြီးသည် ၁၉၆၆ ခုမှ ၁၉၈ဝ ပြည့်နှစ်အထိ မြန်မာဘာသာ မြန်မာစာပါမောက္ခအဖြစ် ဆောင်ရွက်ပြီး မြန်မာစာပေပို့ချခြင်း၊ သုတေသနစာတမ်းများ ပြုစုဖတ်ကြားခြင်း၊ နိုင်ငံတကာလှည့်လည် ဟောပြောဆွေးနွေးခြင်း စသည့်အလုပ်များကို အင်တိုက်အား တိုက်ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ နိုဝင်ဘာလတွင်မှ အငြိမ်းစားယူပြီး ဇနီးဆရာမကြီး ဒေါ်သန်းမြနှင့်အတူ မြန်မာ နိုင်ငံသို့ပြန်လာ၍ မော်လမြိုင်မြို့တွင် ကွယ် လွန်သည်အထိ နေထိုင်သွားပါသည်။

       ဆရာကြီးသည် ၁၉၃၈ ခုနှစ်တွင် လန်ဒန်သို့ပညာ တော်သင်သွားခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်တွင်မှ မြန်မာနိုင်ငံသို့ ပြန်လာရသည့်အတွက် လန်ဒန်မှာ နှစ် ၄၀ကျော်ကြာနေခဲ့ပါသည်။ ပညာတော်သင်အဖြစ် ခဏသွားခဲ့ရာ နှစ် ၄ဝ ကျော်ကြာခဲ့ကြောင်း ဆရာကြီးက မိန့်ကြားလေ့ရှိပါသည်။ မြန်မာကို ကမ္ဘာကသိအောင်ဆောင် ရွက်ခဲ့သော ဆရာကြီး၏ ကျေးဇူးကြီးမားလှပါသည်။ဆရာကြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ဒေါင်းစာပေက ဆရာမောင်ဝံသ၏ တိုက်တွန်းမေတ္တာရပ်ခံချက်အရ အတွေးအမြင်စာစောင်တွင် ဆောင်းပါးများ လစဉ်ရေးသားခဲ့ပါသည်။ ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်များ ထုတ်ဝေထားပါသည်။

       ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် ပါရဂူဘွဲ့ပေးရန် အစီအစဉ်စတင်ပြီးနောက် ပထမဆုံး ပါရဂူသင်တန်းသား (ဒေါက်တာ)အောင်မြင့်ဦးကို လမ်းညွှန်ပေးပါရန် ဆရာကြီးကိုဖိတ်ကြားသည်။ ဆရာကြီးဒေါက်တာလှဘေသည် မော်လမြိုင်မှ ကြွရောက်လာပြီး မြန်မာစာဌာနမှာ လမ်းညွှန်ဟောပြောသည်။ ဒေါက်တာ အောင်မြင့်ဦး တင်သွင်းသော ပါရဂူကျမ်းကို ပြင်ပ စာစစ်အဖြစ် စိစစ်ပေးရန် ဖိတ်ကြားသောအခါတွင်မူ ဆရာကြီးမှာ ကျန်းမာရေးအခြေ အနေအရ မကြွရောက်နိုင်တော့ပါ။ (ယခုဆရာကြီးဒေါက်တာ လှဘေရော ဆရာမကြီး ဒေါ်သန်းမြပါ ကွယ်လွန်သွားရှာကြပါပြီ)

       ဆရာကြီးသည် ဖော်ပြပါစာနှစ်ပုဒ်တွင် မိမိဘဝကို ပြန်လည်သုံးသပ်ရာ၌ စာအုပ်ခေါင်းစဉ်မှာဖော်ပြသည့်အတိုင်း ဝီရိယအင်အား၊ ဉာဏ်အင်အား ကိုယ်ခံတွင် ကံအင်အားက ဖေးမကူညီသည့်အတွက် ဆရာကြီးသည် “ရှေ့တည့်တည့် လိုရာခရီး”ကို အပြီးရောက်အောင် လျှောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြန်ဆိုခဲ့ပါသည်။

      “လယ်သမားမှ ပါမောက္ခသို့” ဟောပြောချက်နိဂုံးတွင် ဆရာကြီးက မိမိအောင်မြင်မှု၏ အရင်းခံမှာ IDEAL ဟူသော စာလုံးငါးလုံးဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။I= intelligence (ဉာဏ်)၊ D= determination (သန္နိဋ္ဌာန်)၊ E=energy(လုံ့လ)၊ A= assiduity (စေ့စေ့စပ်စပ်ကြိုးစားဆောင်ရွက်မှု)နှင့် L=luck(ကံ)တို့ဖြစ်ပါသည်။

       ကံ၊ ဉာဏ်၊ ဝီရိယတို့ အချိုးညီညီဖေးမမှုကြောင့် ဆရာကြီးသည် ရှေ့တည့်တည့်သို့ ဦးတည်၍ ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းနိုင်ခဲ့သည်။ မီးကလေး မှိတ်တုတ်မှိတ်တုတ်ရှိသော ရွာကလေးမှ မီးထိန်ထိန်လင်းနေသော နိုင်ငံကြီး၊ မြို့ကြီးပြကြီးသို့ ရောက်ရသည့်အပြင် “အလင်းတကာ့အလင်း” ဖြစ်သော ပညာအလင်းရောင်ကို လက်ဝယ်ပိုင်ပိုင်ရခဲ့သည်။ ဘဝအခြေအနေနိမ့်ရာမှ မြင့်ရာသို့ တက်လှမ်းနိုင်ခဲ့သည်။ ရွာကလေး ပတ်ဝန်းကျင်လောက်သာ မြင်နိုင်စွမ်းရှိသော ကန့်သတ်အမြင်မှ တစ်ကမ္ဘာလုံး ဖြန့်ကြက်မြင်သော ဖြန့်ကြက်အမြင်ဖြင့်ရှုမြင်နိုင်ခဲ့သည်။ နောက် ပိုင်းတွင် ပေါ်ပေါက်လာသော လူငယ်များအားကျစရာ၊ အတုယူစရာနမူနာကောင်းများကို ပြသွားခဲ့သည်။

      ကံ၊ ဉာဏ်၊ ဝီရိယပေါင်းဖွဲ့ခြင်းဖြင့် ပေါ်ထွန်းလာသော အကျိုးကျေးဇူးအသီးအပွင့်များကို ကိုယ်စားပြုဖော်ပြနေသည့် ပြယုဂ်သာဓကတစ်ခုပါတည်း။

#PAN